Home
ဆောင်းပါး
စီးပွားဖြစ်နေတဲ့ ထောင်ဝါဒါများ (၃)
DVB
·
May 10, 2023

ကျမ မဖြေပါရစေနဲ့၊ ကျမ ဖြေလိုက်တာနဲ့ အထဲမှာ ကျမသားလေးနဲ့ သူတို့လူငယ်အုပ်စုကိုပဲ ထုတ်ထုတ်ရိုက်ပြီး ခဏခဏ တိုက်ပိတ်နေတာ၊ သတင်းဌာနတွေကလည်း နာမည်ထည့်ဖော်ပြလိုက်တော့ ခက်တာပေါ့။ အခုလည်း မဖြေပါရစေနဲ့၊ သားလေးက ထောင်က အသက်ရှင်ရက်နဲ့ လွတ်မှ လွတ်ပါ့မလား။ အသက်ရှင်ရင်ကော သူ့ဦးနှောက်တွေက ကောင်းတောင် ကောင်းပါတော့မလား မသိဘူး။ သူတို့က ရိုက်ရင် ခေါင်းတွေချည်းပဲ ရိုက်တာတဲ့။ ဟိုရက်က လွတ်လာတဲ့ ဆေးမှုနဲ့ ထောင်ကျသွားတဲ့ ကောင်လေးက ပြန်ပြောပြတာ။ အန်တီရယ်၊ အန်တီ့သားက တော်တော်လေး ခေါင်းမာတယ် ပြောရမလား၊ စိတ်ခံစားချက်ပဲ ပြင်းတာလားမသိဘူး၊ ဒီလောက်ရိုက်နှက် တိုက်ပိတ်နေတာတောင် အချိန်ပြည့် ထောင်ဝါဒါတွေကို CDM လုပ်ဖို့ချည်းပဲ ပြောနေတာ။ တော်တော်လေး အံ့ဩမိတယ်လို့ သာယာဝတီထောင်ထဲ ရောက်နေတဲ့ လူငယ်တယောက်ရဲ့မိခင်က ပြန်ပြောပြပါတယ်။

သာယာဝတီထောင်က နယ်ပေါင်းစုံက ထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများစုကို ထားတဲ့‌ေနရာဖြစ်ပြီး ထောင်ထဲမှာ အများစုက လူငယ်တွေ ဖြစ်ကြပါတယ်။ အာဏာသိမ်းစဉ်ကတော့ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်တွေနဲ့ တရားစွဲပြီး ထောင် ၂ နှစ်နဲ့ ၃ နှစ်အထိ ချလိုက်ပြီး နောက်ပိုင်း PDF နဲ့ NUG အစိုးရတွေ ပေါ်လာတော့ အကြမ်းဖက်ပုဒ်မတွေ တပ်လာပြီး ၁၀ နှစ်ကနေ တသက်တကျွန်း၊ သေဒဏ်တွေအထိ ထောင်ချတာတွေ လုပ်လာခဲ့ပြီး နှိပ်ကွပ်ခဲ့ကြပါတယ်။

ထောင်ဝိတ်လျှော့ခြင်း

ထောင်တွေမှာက အရင် စစ်အာဏာရှင်ခေတ်တွေကတည်းက သေဒဏ်ချခံထားရသူ၊ တသက်တကျွန်း ချခံထားရသူတွေ၊ နှစ်ပေါင်းရာချီပြီး ချခံထားရသူတွေ များစွာရှိခဲ့ဖူးပါတယ်။

အရင်တုန်းက အင်းစိန်ထောင်မကြီးမှာ နှစ် ၁၀၀ ကျွဲကြီးဆိုသူတယောက် ရှိခဲ့ဖူးပါတယ်။ သူ‌ေထာင်ထဲဝင်တဲ့နှစ်ကိုတော့ မမှတ်မိတော့ပေမဲ့ ၁၉၉၆ ခုနှစ်မှာ အင်းစိန်ထောင်ကို ရောက်တော့ သူနဲ့ဆုံခဲ့ဖူးပါတယ်။

သူက ထောင်မင်းသား (ထောင်ခဏခဏကျသူ) တယောက်ဖြစ်ပြီး သူက ထောင်ထဲမှာ ဘုရင်တပါးလို နေနေရတာကို မြင်ခဲ့ရပါတယ်။ သူအိပ်တဲ့အိပ်ရာက စောင်တွေချည်းပဲ ထပ်ခင်းထားတာ တပေခွဲကျော်လောက် အမြင့်ရှိပါတယ်။ အဲ့ဒီအိပ်ရာပေါ်မှာ သူလှဲအိပ်နေတာကို သာမန်အကျဉ်းသား ၄ ယောက်က ဘေးတဖက်တချက်စီကနေ နှိပ်နယ်ပေးနေပြီး ‌ေခြဆုပ်လက်နယ် ပြုစုပေးနေရပါတယ်။

ဘေးနားမှာလည်း သူလိုအပ်တာကို အချိန်ပြည့် ဖန်တီးပေးဖို့ တပည့်တွေက အဆင်သင့် အနေအထားနဲ့ တွေ့ခဲ့ရပါတယ်။ ၁၉၉၆ နောက်ပိုင်းမှာတော့ နှစ် ၁၀၀ ကျွဲကြီးထက် ပိုတဲ့သူတွေ များစွာ ထပ်ဝင်လာခဲ့ပါတော့တယ်။

အဲဒီအထဲမှာ တယောက်က အဲဒီကာလတုန်းက ရန်ကုန်မြို့မှာ ဘိန်းဖြူမိတဲ့ အမှုတခုအတွက် ကောင်လေးတယောက်က အဲဒီအမှုကို ပါဘလစ်ကာ ကားတစီး၊ ရန်ကုန်မြို့ ဆင်ခြေဖုံးမှာ တိုက်ခန်းတခန်း၊ ပိုက်ဆံ ၃ သိန်း၊ တရားရုံးစရိတ်၊ ရှေ့နေခ စတဲ့ဟာတွေနဲ့ ဝယ်လိုက်တယ်။ သူကလဲ တွေးတာက အလွန်ဆုံးထောင်ချလည်း ၁၀ နှစ်ပေါ့။ အမှုပေါ့အောင်တော့ လိုက်နိုင်သမျှ လိုက်ထားသေးတယ်။

ဒါပေမဲ့ အဲဒီအမှုကို ထောင်တသက် လွတ်ရက်မရှိဆိုပြီး ချပစ်လိုက်တယ်။ အဲ့ဒီတုန်းကတော့ အသစ်ပါ၊ ဒီလိုပြစ်ဒဏ်မျိုးက။ နောက်တယောက်က သမ ညွှန်ကြားရေးမှူးချုပ်တယောက်၊  သူက စစ်ဗိုလ်ကနေ အရပ်ဘက်ပြောင်းလိုက်တော့ ညွှန်မှူး၊ ညွှန်ချုပ်တွေဖြစ်ပြီး အသကုန်တွေ ခိုးတော့တာပေါ့။ နောက်ဆုံးတော့ ဘာဝေဆုမတည့်လဲ မသိ၊ အဲဒီလူကို ၃၇၆ နှစ် ထောင်ချလိုက်ပါရော။

အဲဒီတော့မှ ကိုယ်တွေလည်း တွေးမိတာက တရားသူကြီးတွေက သူတို့ဆင်ခြင်တုံတရားနဲ့ အမိန့်တွေချခွင့်ပေးထားတာ အခုလို နှစ်ရာချည်ပြီး ထောင်တွေချတာ မစဉ်းစားတတ်တော့ပါဘူး။

အဲဒီလို ထောင်ကျနှစ်တွေများတော့ အဲ့လူတွေတော့ ထောင်ထဲမှာပဲ သေကြပြီး ပြီးသွားလိမ့်မယ်လို့ ထင်ထားတာ၊ တကယ်က မဟုတ်ဘူးတဲ့၊ အဲဒါက ထောင်မင်းသား တယောက်က ပြောပြတာပါ။

ထောင်ထဲမှာ သေဒဏ်ချထားသူတွေ အများကြီး၊ တကျွန်းချထားသူတွေ အများကြီး၊ အခုဆို ထောင်တသက် လွတ်ရက်မရှိတို့၊ ၂ သက်၂ ကျွန်းနဲ့ ၁၆ နှစ်တို့၊ တကျွန်း သေဒဏ် ၇ နှစ်တို့၊ နှစ် ၃၀၀ ကျော်တို့၊ သူတို့ချချင်သလောက် ချပါစေ၊ အချိန်တန်ရင် လွတ်မှာပဲတဲ့။ အယ် ဘယ်လိုကြောင့်လွတ်မှာလဲ မေးကြည့်တော့…

အဲ့ဒီထောင်ဂျပိုးက ..... ထောင်မှာက တသက်တကျွန်းတွေ၊ သေဒဏ်တွေ ဘယ်လောက်ချချ၊ ခဏတဖြုတ် ၃-၄-၅ နှစ်ကနေ အနှစ် ၂၀ ထိ ချပေမဲ့ မကြာခဏ နိုင်ငံတော်လာ‌ပေးရတယ် (လွတ်ငြိမ်း) လာတယ်။ မလာလို့မရဘူး။ အခု စစ်အာဏာပိုင်တွေက ဘယ်သူ့ကိုမှ ဒီနေ့အထိ သေဒဏ်မပေးဘူး၊ အမိန့်သာချထားတာ။ သူတို့ တချိန်ချိန် ရှင်းရမှာမလို့ ထင်တယ်။ အဲ့ဒီနှစ်ကြီးသမားတွေက တခါ နိုင်ငံတော်လာရင် သူတို့ ထောင်ကျနှစ်တွေ တခါလျှော့၊ နောက်တခါ နိုင်ငံတော်လာ၊ သူတို့နေသားတွေနဲ့ လွတ်ရောတဲ့။

(မှတ်ချက်-  ဥပမာ- နိုင်ငံတော်လွတ်ငြိမ်းချမ်းခွင့်က ‌အမိန့်ချထားပြီးသား၊ ထောင်ကျသူတွေကို သူတို့ပြစ်ဒဏ်ရဲ့ ၃ ပို့ ၁ ပို့ ခံစားစေဆိုရင် ၉ နှစ်ချထားသူက ၃ နှစ်လျော့သွားပြီး ကျန် ၆ နှစ်အတွက်ကလည်း ကွာကလည်း ပထမအမိန့်ချထားတဲ့ ၉ နှစ်ပေါ်မှာတွက်ရင် တနှစ်ကို ၃ လပဲ လျှော့ရက်ရတယ်ပဲထား၊ ၂၇ လက တရားဝင် လျှော့ရက်ရပြီးသား၊ ၉ နှစ် = ၁၀၈ လမှာ  တရားဝင် လူတိုင်းရတဲ့ လျှော့ရက်က တနှစ်ကို ၃ လဆိုရင် လပေါင်း (၉ x ၃) ဆိုရင် ၂၇ လ (၂ နှစ်နဲ့ ၃ လ) တရားဝင်လျှော့ရက်ရပြီးသားကို နုတ်လိုက်ရင် (၉ နှစ် = ၁၀၈ လ) - ၂ နှစ် ၃ လ (၂၇ လ) = ၈၁ လပဲ ကျန်တော့တာဆိုတော့ ၆ နှစ်နဲ့ ၉ လပဲ နေရတော့မှာ။ အဲ့ဒီအထဲမှာ ၃ ပို့ ၁ ပို့ ခံစားစေဆိုတာ အမိန့်အရ သူက အမှန်တကယ် ၆ နှစ်နဲ့ ၉ လထဲကနေ ၃ ပို့ ၁ ပို့ ထပ်လျှော့လိုက်ရင် သူက ထောင်ထဲမှာ ဘယ်လောက်မှ မနေရတော့ဘူး။

အဲ့ဒါက ၉ နှစ် ထောင်ကျသမားကို အကြမ်းတွက်ပြတာ။ သူ့ထက်နှစ်ကြီးသမားတွေလည်း အဲ့ဒီလိုမျိုး တရားဝင်လျှော့ရက်နဲ့ နိုင်ငံတော်လွတ်ငြိမ်းတွေကြောင့် ဘယ်သူမှ ထောင်ထဲမှာ ၂၅ နှစ်ထက်ကျော်ပြီး နေခဲ့ရသူ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ ၂၅ နှစ်ထက်ကျော်ပြီး နေခဲ့ရသူတွေ ရှိပါတယ်။

အဲဒီအကြောင်းတွေ နောက်ပိုင်း ဆက်ရေးပါအုံးမယ်။

‌အဲဒါကလည်း နှစ်ပေါင်းများစွာ ဝါဒါဘဝနဲ့ နေခဲ့ပြီး ထောင်မှူးဖြစ်ခဲ့သူတွေက ပြောပြခဲ့တာပါ။ နောက်ထပ် သူတို့က ထပ်ပြောပြသေးတယ်။

ထောင်တွေမှာက မကြာခဏ မျက်စိလည် လမ်းမှားပြီး ရောက်လာသူတွေရှိသလို ထောင်ဘယ်လောက်ကျကျ အချိန်တန်ရင် လွတ်မှာပဲဆိုပြီး သိပြီး ထောင်ထဲရောက်လာသူတွေ ရှိပါတယ်။

ထောင်တွေမှာ သေဒဏ်ချခံထားရသူတွေ၊ တသက်တကျွန်း ချခံထားရသူတွေက ထောင်ထဲမှာ ၃-၄ နှစ်လောက်က ပြဿနာမရှိသေးဘူး။ ၅ နှစ် ၆ နှစ်ဆိုရင် နည်းနည်း ပြဿနာရှိလာပြီ။ ၆ နှစ်ကျော်လောက် ဖြစ်လာပြီဆိုရင် သူတို့က စတွေးနေပြီ။ ငါတို့ဘဝက ထောင်ထဲမှာပဲ ပြီးတော့မှာလား၊ ထောင်ထဲမှာပဲ နိဂုံးချုပ်တော့မလား၊ ထောင်ထဲမှာပဲ သေတော့မှာလား ဆိုတာ‌တွေကို စတွေးပြီ။

အပြင်မှာကတည်းက လူဆိုး လူမိုက် ဆိုတော့ သူတို့က ‌အရင်က ထောင်ဝါဒါနဲ့ အဆင်ပြေခဲ့ပေမဲ့ သူတို့ ထောင်ထဲမှာပဲ နိဂုံးချုပ်တော့မလားလို့ တွေးမိတာနဲ့ ညစ်တွန်း တွန်းတော့တာပဲ။

တချို့လူမိုက်တွေက ထောင်ထဲမှာ အကျဉ်းသားအချင်းချင်း ရိုက်သတ်ပြီး နောက်အမှုနဲ့ တရားရုံးထွက်ပြီး လွတ်အောင်ကြံတာတွေ၊ ထောင်ထဲမှာ အာဏာပိုင်က ထိန်းချုပ်လို့ မရအောင် လူမွေးပြီး ပြဿနာရှာတာတွေ လုပ်လာကြတော့တာပဲ။ အဲ့ဒါဆို ထောင်ဆူတာတွေ၊ အုပ်ချုပ်မရတာတွေ ဖြစ်လာပြီး ထောင်တွေ ဆူပူမှုတွေ၊ အာဏာဖီဆန်မှုတွေ ဖြစ်တတ်ပါတယ်။

အဲဒီလိုပြဿနာတွေမဖြစ်အောင် အာဏာပိုင်တွေက မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပေးပြီး နှစ်ကြီးအကျဉ်းသားတွေကို ထောင်က လွတ်မြောက်သွားအောင် စီစဉ်ပေးနေရတာပေါ့။ သူတို့ ထောင်နှစ်ကြီးကျပေမဲ့ မကြာခင်လွတ်မှာဆိုတဲ့အသိ သူတို့ကို ရိုက်ထည့်ပေးထားတယ်။

သေဒဏ်ချထားသူတယောက်ကလည်း သေဒဏ်က နှစ် ၄၀ နဲ့ညီတော့ သူလည်း လေးငါးနှစ် နေပြီး လွတ်ငြိမ်း ၂ ခါလောက်လာရင် လွတ်သွားတာပါပဲ။

အဲဒီလိုမှ မဟုတ်ရင် ထောင်မှာ ထိန်းလို့မရဘူး၊ အုပ်ချုပ်လို့မရဘူးဆိုပြီး သာယာဝတီ ထောင်ပိုင် ဦးတင်ထွန်းက တခါ ပြောပြဖူးပါတယ်။

ထောင်ထဲမှာ ဘာမှ အလကားမရဘူး၊ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ

စစ်တပ်က အာဏာသိမ်းလိုက်တော့ နိုင်ငံတကာက စီးပွားရေးတွေ ပိတ်လိုက်တော့ လောင်စာဆီ အခက်အခဲက အရမ်းကိုကြီးသွားတယ်။ ဒီကြားထဲ နှစ်စဉ် မီးပျက်တာ ရှိခဲ့ပေမဲ့ အခုနှစ်က အရင်တွေတုန်းကထက် အဆပေါင်းများစွာ ပိုသွားပြီး ထောင်တွေထဲမှာ မီးမလာတော့ ရေမတင်နိုင်၊ ရေမချိုးရ ပြဿနာတွေက ကြီးလာတာပေါ့။

ပြည်ထောင်မှာက အရင်က တနေ့ကို ရေ ၂ ခါ ချိုးရတာကနေ တကြိမ်လျှော့ချလိုက်တယ်။ အရင်က ထောင်ထဲမှာ ထောင်ကျအကျဉ်းသား သူဌေးတယောက်က လှူထားတဲ့ ရေသန့်စက်လည်း မီးမရတော့ ရေသန့်ထုတ်မပေးနိုင်တော့ဘူး။ အဲဒီတော့ ရိုးရိုးသုံးရေကိုပဲ ‌သောက်ရေလုပ် သောက်နေရတော့တာပေါ့။

Jail Manual ထဲမှာ ဆီဖိုးမပါဘူး

နွေဦးတော်လှန်ရေးက အရင်ခေတ်တွေကလို နိုင်ငံရေးသမား ဆိုတာမျိုးသက်သက် မရှိတော့ဘူး။ လက်တဆုပ်စာ စစ်မျိုးစစ်နွယ်‌တွေကလွဲပြီး အားလုံး ဆန့်ကျင်ကြတော့ ပြည်သူအကုန်လုံးက သူတို့ရန်သူ၊ အကုန်လုံးကို ဖမ်းချင်သလိုဖမ်းခွင့် ရထားတယ်။

အဲ့ဒီမှာ စီးပွားရေးသမားတွေ၊ ငွေကြေးချမ်းသာသူတွေက ပစ်မှတ်ဖြစ်လာတယ်။ စစ်ကောင်စီကလည်း ဘေးပေါက်စီးပွားရေးအနေနဲ့ ငွေကြေးရှိသူတွေကို ဖမ်းတယ်။ ငွေပေးရင် လွှတ်တယ်၊ ညှိလို့ ရတယ်ပေါ့။ အဲ့ဒါက စစ်ကြောရေးကာလမှာ၊ စစ်ကြောရေးက ကျော်လွန်လာရင် ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာက ပုဒ်မ မတပ်ရသေးခင်အထိ ငွေနဲ့ညှိလို့ရတယ်။ အဲ့ဒီကနေ တရားရုံးရောက်တော့ နှစ်အနည်းအများနဲ့ အယူခံနိုင်ဖို့ ငွေထပ်ခင်း၊ တရားရုံးကနေမှ နောက်ဆုံး ထောင်ထဲရောက်မှ ထောင်ဝါဒါတွေ စားရတာ။ သူတို့ကတော့ နောက်ဆုံးလက်ကျန်လေးပဲ စားရတာ။

ထောင်ထဲမှာက နေစရာ အခန်းကြေးကိစ္စနဲ့ အထွေထွေတွေအတွက် ငွေပေးရတာတွေ အပိုင်း ၁ မှာ ရေးခဲ့ပြီးပါပြီ။ အခုထပ်ရေးမှာက ပြည်ထောင် မိန်းကလေးထောင်မှာ လက်ရှိဖြစ်နေတဲ့ အကြောင်းပါ။

မိန်းကလေးဆောင်မှာက အဆောင်ကြီးတဆောင်ပဲရှိတော့ နေ့စဉ် ဖမ်းနေတော့ လူက မမျှတော့ဘူး။ လူအရမ်းများပြီး နေ့စဉ် ရေမချိုးရတော့ဘူး။ ချိုးရတော့လည်း ရေခွက်ချိန်နဲ့ ချိုးရတော့ ထုံးစံအတိုင်း နိုင်ငံ‌ရေးအကျဉ်းသူထဲမှာ ပိုက်ဆံရှိတဲ့သူက မနေနိုင်ဘူး။ ကိုယ်လည်း ရေကောင်းကောင်းချိုးရရေး၊ သူများတွေလည်း ရေဝဝလင်လင် ချိုးရရေးအတွက် မီးစက် ဝယ်လှူရတော့တာပေါ့။ မီးစက်(အင်ဂျင်) ဝယ်လှူတာတော့ ထောင်ကခွင့်ပြုလိုက်ပေမဲ့ နေ့စဉ် ဆီဖိုးက မလွယ်ဘူးလေ။ လက်ရှိ ဆီဈေးနဲ့က တနေ့ကို ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကတော့ အလှူရှင်လည်း အမြဲတမ်းတော့ မတတ်နိုင်ဘူးလေ။ အဲ့ဒီတော့ အမျိုးသမီးဆောင်မှာ အကျဉ်းသူတွေထဲမှာ ငွေကောက်ရတာပေါ့။ ထောင်ထဲရောက်ကတည်းက ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျနေရတာဆိုတော့ ရေချိုးချင်တဲ့သူတွေ ပိုက်ဆံထည့်ကြပေါ့။ အခုတော့ အမျိုးသမီးဆောင်မှာ နေ့စဉ် ဆီဖိုးကောက်တဲ့ ဓလေ့တခုပါ ထွန်းကားလာခဲ့ပါပြီ။

အင်ဂျင်ဝယ်ထားပေမဲ့ ဆီဖိုးမတတ်နိုင်လို့ ရေဝဝလင်လင် မချိုးရဘူး ဖြစ်နေရတယ် ဆိုပြီး ထောင်ပိုင်ကို တင်ပြတော့လည်း Jail Manual မှာ ဆီဖိုးမပါဘူးဆိုပဲ။

ထောင်ထဲမှာ ကိုယ့်ကိစ္စပဲကိုယ်ပြော

ထောင်ထဲမှာ ကိုယ့်ကိစ္စပဲ ကိုယ်ပြောရမယ်ဆိုပြီး ထောင်ထဲ စရောက်ကတည်းက စည်းကမ်းဆိုပြီး စမှာတယ်။ နောက်ပြီးတော့ ထောင်မှူး၊ အဆောင်မှူးတွေ အမြဲပဲ ဒီစကားကို တွင်တွင်ပြောလေ့ရှိတယ်။

အဲဒါကလည်း လူတွေ စည်းလုံးသွားမှာ၊ သွေးစည်းသွားမှာကို အရမ်းစိုးရိမ်ကြတယ်။ ထောင်ထဲမှာ အကျဉ်းသားတယောက်ယောက်ကို ရိုက်နှက်နေပြီဆိုရင် မခံနိုင်လည်း ခံ၊ ခံနိုင်လည်း ခံ၊ ကိုယ့်ကိစ္စ မဟုတ်ဘူး။ မမြင်ယောင် မသိယောင် ဆောင်နေရမယ်။ ကိုယ်နဲ့မဆိုင်တာ ဘာမှဝင်မပါရဘူး။

ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ဘာရာဇဝတ်မှုမှ ကျူးလွန်ထားတာမရှိဘဲ ထောင်ထဲ ရောက်လာသူတွေဆိုတော့ အများစုက မဟုတ်ရင် မခံကြသလို သူတပါးကို နှိပ်စက်နေတာမျိုးကိုလည်း မျက်နှာမလွှဲချင်ကြဘူး။ အဲ့ဒီတော့ အနည်းနဲ့အများ ဝင်ပြောတာ၊ ဝင်တားတာတွေ လုပ်တတ်ကြတဲ့အကျင့် ရှိကြပြီး ဘဝတူ နိုင်ငံရေးအကျဉ်းသားအချင်းချင်း ကူညီကြတယ်၊ ဝိုင်းဝန်းကြတယ်။ အဲ့ဒါကို ထောင်က မကြိုက်ဘူး။ သူတို့အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်တယ်၊ ဖျက်ဆီးတယ်လို့ မြင်ကြတယ်။

အဲဒီလို သူများကိစ္စဝင်ပါလို့ ထောင်ပိုင်ကို ခဏခဏ တင်ပြလို့ဆိုပြီး ပြည်ထောင်က နိုင်ငံရေးအကျဉ်းသူ ၄ ယောက်ကို သာယာဝတီထောင်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ထောင်ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းတခု သတင်းဌာနတွေကနေ တက်လာတာကို တွေ့လိုက်ရပါတယ်။

အဲဒီဖြစ်စဉ်ကလည်း မိန်းက‌လေးဆောင်မှာ ရေက ပုံစံနဲ့ တနေ့ကို ဘယ်နှခွက်ပဲ ချိုးရမယ်ဆိုပြီး ကန့်သတ်လိုက်တာကနေ စတာပါ။

အဲဒီပုံစံနဲ့ ရေချိုးရတာကို မလိုက်နာလို့ဆိုပြီး နိုင်ငံရေးအကျဉ်းသူကို ထောင်မှူးမက ရိုက်နှက်ပါတယ်။ အဲဒီလို ရိုက်နှက်တာကို မရိုက်ဖို့နဲ့ ‌အပြစ်ကျူးလွန်ထားရင် အရေးယူပါ၊ ဘယ်သူ့ကိုမှ ရိုက်နှက်ခွင့်မရှိပါဘူးလို့ ဝင်ပြောတဲ့အတွက် နိုင်ငံရေးအကျဉ်းသူတချို့နဲ့ ထောင်ဝါဒမတွေ ရန်ဖြစ်ကြပါတယ်။

အဲဒီကိစ္စကို တနင်္လာနေ့ ထောင်ပိုင်တန်းစီမှာ သူတို့အထဲက တယောက်က တင်ပြတဲ့အတွက် ရေပုံစံနဲ့ မချိုးသူ၊ ဝင်ပြောသူ၊ ထောင်ပိုင်ကို တင်ပြသူ စသဖြင့် ၄ ယောက်ကို ပညာပြတဲ့အနေနဲ့ နောက်လူတွေ မလုပ်ရဲအောင် အခုလို ထောင်ပြောင်းလိုက်ပါတယ်။

အဲဒီလို‌ ‌ထောင်ပြောင်းခံလိုက်ရတဲ့အထဲမှာ တယောက်က အမျိုးသားက PDF ဖြစ်နေတာကြောင့် အမျိုးသားနဲ့အတူ တခါလည်ကျော် ကလေးငယ်လေးနဲ့ အဖမ်းခံရသူ (လက်ရှိ လင်မယား ၂ ယောက်လုံး ပြည်‌ထောင်ထဲမှာ အတူတူရှိ‌နေတာ)၊ နောက်တယောက်က ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ ရောဂါသည်ကြီးပါ ထောင်ပြောင်းတဲ့အထဲကို ပါသွားပါတယ်။

ထောင်ထဲမှာ ကိုယ့်ကိစ္စကိုပဲ ပြောရမယ်၊ ကျနော်တို့ ကျမတို့ မရှိပါတဲ့။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024