Home
မြန်မာသတင်း
မြိတ်မြို့တွင် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်
DVB
·
May 10, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မုန်တိုင်းအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တဦးက “မီးသတ်တပ်ဖွဲ့ကနေပြီး ရှာဖွေကယ်ဆယ်သင်တန်းတွေ ပြန်ပေးနေတယ်။ တခြား အရန်မီးသတ်တပ်ဖွဲ့တွေကိုလည်း အကြောင်းကြားထားတာရှိတယ်။ မေလ ၁၂၊ ၁၃၊ ၁၄ ရက်တွေမှာ လိုအပ်ရင် ခေါ်လို့ရအောင် အဆင်သင့်ဖြစ်အောင် လုပ်ခိုင်းထားတယ်” လို့ ပြောပါတယ်။

နာရေးကူညီမှုအဖွဲ့ဝင်တဦးကလည်း “ပရဟိတအသင်းတွေ အနေနဲ့တော့ ကြိုတင်ပြင်ဆင်ထားတာတော့ မရှိဘူး။ မီးသတ်ဌာနကတော့ ပြင်ဆင်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြိတ်မှာတော့ အစဉ်အဆက် ထိခိုက်မှုနည်းလို့ အခုလည်း ဒေသခံတွေအနေနဲ့ အများကြီး စိုးရိမ်တာမျိုး မတွေ့ရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၉ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ဒီနေ့ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်မနက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၂ ရက်မနက်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဒီမနက် ခန့်မှန်းထားပြီး မေလ ၁၄ ရက်မှာ ကော့ဘဇားမြို့နဲ့ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024