ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ် တပ်မ ၂၂ ရဲ့ တပ်သား ၄ ဦး လက်နက်တွေနဲ့ အတူထွက်ပြီးသွားပြီးနောက် တပ်စခန်းအနီးရှိ ဖရုံချောင်ကျေးရွားသားတွေနဲ့ ငှက်ပျောချောင်းကျေးရွာသားတွေကို ကျေးရွာအတွင်းက ယာယီထွက်သွားကြဖို့ စစ်ကောင်စီတပ်က စေခိုင်းထားတာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၄ ဦးဟာ ဧပြီ ၃၀ ရက်က လက်နက်နဲ့အတူ ထွက်ပြေးသွားကြတာဖြစ်ပြီး ရွာအတွင်း မေးမြန်းလို့ မရတာကြောင့် ရွာသားတွေကို မေလ ၄ ရက် နောက်ဆုံးထားပြီး ရွာက ယာယီထွက်သွားကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာပြောသွားတာလို့ ဖရုံချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ဧပြီလ ၃၀ ရက်နေ့က စစ်သား ၄ ဦးက လက်နက်တွေနဲ့ အတူပျောက်သွားတယ်လို့ သိရတယ်။ အဲဒီနောက် စစ်သားတွေ ရွာထဲမှာ လာရှာကြပြီ ရွာထဲမှာရှိလားဆိုပြီးမေးတယ်။ မရှိဘူးပြောတော့ ရွာထဲမှာ မနေကြနဲ့ဆိုပြီးတော့ ပြောတယ်။ ရွာမှာ နှစ်ပတ်လောက်မနေကြလို့ပြောတယ်။ ဘာကြောင့်ဆိုတာလည်း မသိရဘူး။ အခုတော့ ရွာမှာ ဘယ်သူမှ မရှိတော့ဘူး”လို့ပြောပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီရဲ့ တပ်မ ၂၂ ဟာ ဖရုံချောင်းကျေးရွာနဲ့ ငှက်ပျောချောင်းကျေးရွာအနီးမှာ တပ်စွဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ငှက်ပျောချောင်းကျေးရွာသားတစ်ဦးက “ ကျနော် ရွာသားတွေကို ရွာမှာ ၂ ပတ် ၃ ပတ်လောက် မနေကြဖို့ လာပြောတယ်။ ကျနော်တို့လည်း ဘာကြောင့်မနေရဆိုတာမသိရသေးဘူး။ အခုတော့ ရွာအနီးနားက ရွာတွေက ဆွေမျိုးတွေဆီမှာခိုလှုံနေကြရတယ်။ ဘယ်တော့ ပြန်ရမယ်ဆိုတာ မသိရသေးဘူး” လို့ပြောပါတယ်။
အခုကျေးရွာကနေ တိမ်ရှောင်နေကြရတဲ့ ဖရုံချောင်းကျေးရွာမှာ အိမ်ခြေ ၁၈ ဆောင်ခန့်ရှိပြီး လူဦးရေ ၈၀ ကျော်ခန့်နေထိုင်ကာ ငှက်ပျောချောင်းကျေးရွာမှာ အိမ်ခြေ ၂၅ ဆောင်ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော်ခန့်နေထိုင်ကြတယ်လို့သိရပါတယ်။
အဲဒီကျေးရွာတွေက လူတွေဟာ လက်ရှိမှာ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ၊ သေကံနဲ့ ညောင်ချောင်းအပါဝင် ဘူးသီးတောင်မြို့ပေါ်တွေမှာလည်း ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တကျော့ပြန်တိုက်ပွဲရပ်တန့်ပြီးနောက် ရခိုင်ပြည်နယ် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ UNHCR ရဲ့စာရင်းတွေအရသိရပါတယ်။