တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ကမချောင်းကျေးရွာက လုပ်ငန်းရှင်တယောက်ရဲ့ နေအိမ် အပါအဝင် ပိုင်ဆိုင်မှုအားလုံးကို စစ်တပ်က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၅ ရက်က ဦးအောင်ဇော်ဦး ပိုင်တဲ့ အရုဏ်ဦး ဆီဆိုင်ကို ချိပ်ပိတ်တဲ့အပြင် နေအိမ်နဲ့ မြေကွက်တွေကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း ဆိုင်းဘုတ်ကပ်သွားတယ် လို့ ဒေသခံတဦးက ပြောပါတယ်။
လုပ်ငန်းရှင် ဦးအောင်ဇော်ဦးကို PDF နဲ့ ငွေကြေးထောက်ပံ့နေသူလို့ ဆိုကာ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ် ၂၅ ရက်မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဘုတ်ပြင်းမြို့ခံတဦးက "စီးပွားတူ လုပ်ငန်းရှင် တချို့ရဲ့ ပရောဂမကင်းဘူးလို့ မြင်ပါတယ်။ ဘုတ်ပြင်းနယ်ခံလုပ်ငန်းရှင် တချို့က တချက်ခုတ် နှစ်ချက်ပြတ်လုပ်လိုက်တာလို့ မြင်တယ်" လို့ ပြောပါတယ်။
လုပ်ငန်းရှင်ဦးအောင်ဇော်ဦး ဖမ်းဆီးခံရပြီးနောက် ဒေသခံ တချို့ကိုလည်း ပတ်သက်ဆက်နွှယ်တယ်လို့ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ၄ ရက်လောက်အကြာမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်တပ်က နေအိမ်တွေ ချိပ်ပိတ်ပြီးနောက် ဦးအောင်ဇော်ဦးရဲ့ မိသားစုဝင်တွေကိုလည်း နေအိမ်က အမြန်ဆုံးထွက်ခွာဖို့ ပြောဆိုခဲ့တယ်လို့ သိရပါသေးတယ်။
လက်ရှိမှာတော့ ဦးအောင်ဇော်ဦးကို အကြမ်းဖက်ဥပဒေပုဒ်မ ၅ဝ ညနဲ့ တရားစွဲဆိုထားပြီး ဘုတ်ပြင်းရဲစခန်းမှာ ထိန်းသိမ်းထားကာ ထပ်မံတရားဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။