Home
မြန်မာသတင်း
စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး စျာပန ရေဝေးတွင် ကျင်းပ
DVB
·
May 5, 2023

အင်းစိန်အကျဥ်းထောင်မှာ မေလ ၃ ရက် မနက်က ဦးနှောက်ထဲပိုးဝင်ပြီး သေဆုံးခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို မေ ၅ ရက် ဒီနေ့ နေ့လယ် ၁ နာရီက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

အင်းစိန်အကျဥ်းထောင်မှာ အဂတိအမှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရတဲ့ စီးပွားရေးရာ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးဟာ မေ ၃ ရက် မနက် ၆ နာရီမှာ ဦးနှောက်ထဲပိုးဝင်ပြီး သေဆုံးခဲ့တာပါ။

ဒလမြို့နယ်ရှိ သမ္မတကမ်းခြေ မြေယာချထားမှုနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ စီးပွားရေးရာဝန်ကြီးနဲ့ အတွင်းရေးမှူးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မြို့တော်ဝန် ဦးဗိုလ်ဌေးကိုတော့ ပြန်လွှတ်ကာ ကျန်သုံးဦးကို အဂတိပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး၊ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှာ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်သန်းဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တဦး ဖြစ်သလို မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌတဦးလည်း ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ သန်လျင်မြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီဘက်က ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ သန်လျင်မြို့နယ်ကနေပဲ ထပ်မံ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024