ရန်ကုန်မြို့မှာ ဆန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ အထိ မြင့်တက်နေတယ်လို့ ဆန်ရောင်းချသူတွေထံက သိရပါတယ်။
သင်္ကြန်မတိုင်ခင်ကတည်းက ဆန်ဈေးတွေ တောက်လျှောက်တက်နေတာဖြစ်ပြီး စပါးအထွက်နည်းတာနဲ့ စပါးအထွက်မရှိတော့တာကြောင့် ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မြောက်ဒဂုံမြို့နယ်မှ ဆန်ရောင်းချသူတဦးက “၁၂၀,၀၀၀ လောက်ရှိတယ်။ ထိပ်စအရောဆိုရင်တော့ ၁၃၀,၀၀၀ လောက်အထိ ရှိမယ်။ ကျန်တဲ့ ဆန်အမျိုးအစားတွေလည်း တက်တယ်” လို့ ပြောပါတယ်။
ကျန်တဲ့ဆန်အမျိုးအစားတွေဖြစ်တဲ့ ဇီယာတအိတ်ကို ကျပ် ၆၀,၀၀၀၊ ဆင်းသွယ်တအိတ်ကို ကျပ် ၆၈,၀၀၀ မှ ၇၀,၀၀၀ ၊ပေါ်ဆန်းရိုးရိုးတအိတ်ကို ကျပ် ၈၀,၀၀၀၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်း ထူးထူးရှယ်တအိတ်ကို ကျပ် ၉၀,၀၀၀ ကျော်၊ ဆန်ကြမ်းတအိတ်ကို ကျပ် ၅၀,၀၀၀ လောက်အထိ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
အဆိုပါ ဆန်ဈေးနှုန်းတွေဟာ ဈေးဆက်တက်နိုင်ပြီး စပါးဈေးနှုန်းတွေက တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိ ရှိနေတဲ့အတွက် သယ်ယူစရိတ်၊ ထုတ်လုပ်မှုစရိတ်တွေနဲ့ပေါင်းရင် လက်ရှိဆန်ဈေးနှုန်းတွေ ကျမှာမဟုတ်သေးဘူးလို့ ဆန်ရောင်းသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးကစားတာတွေ မလုပ်ဖို့နဲ့ သိရင် အရေးယူမယ်လို့ ကြေညာခဲ့ပေမဲ့ ဆန်ဈေးတက်တာတွေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။