ဧပြီလကုန်ပိုင်းက စတင်ကာ စက်သုံးဆီဈေးတွေ ကျဆင်းလာနေပြီး အခု မေလဆန်းပိုင်းအရောက်မှာတော့ စက်သုံးဆီဈေး တစ်လီတာ ကျပ် ၂၀၀၀ အောက်ကို ကျဆင်းလာတယ်လို့ ဆီအရောင်းဆိုင်တွေကနေ သိရပါတယ်။
ဧပြီလလယ်ပိုင်းက နေပြည်တော်မှာ 92 တစ်လီတာကို ကျပ်ငွေ ၂၁၀၀ ဝန်းကျင်နဲ့ 95 တစ်လီတာကို ၂၂၀၀ ကျပ်ဝန်းကျင်အထိ ရှိခဲ့တာပါ။
သင်္ကြန်ကာလ အပြီးထဲက စက်သုံးဆီဈေး တအိအိနဲ့ ကျဆင်းလာခဲ့ပြီး မေလ ၄ ရက်နေ့မှာတော့ နေပြည်တော်စက်သုံးဆီအရောင်းဆိုင်တွေမှာ 92 တစ်လီတာ ၁၉၅၅ ကျပ် နဲ့ 95 တစ်လီတာကို ၂၀၃၅ ကျပ် ဝန်းကျင် ဈေးပေါက်နေတာဖြစ်ပါတယ်။
နေပြည်တော်မှာနေထိုင်သူတဦးက “ဆီဈေးကတော့ သင်္ကြန်အပြီးထဲက ကျနေတာ။ အခုက 92 ဆို နှစ်ထောင်အောက် ရောက်လာတာပေါ့။ ဒါပေမဲ့ ဘယ်လောက်အထိ ကျမလဲတော့ မသိသေးဘူး။ ဆီဈေးသာ ကျတာပါ။ ကားလက်မှတ်တွေကတော့ မကျသေးဘူး။ ပြီးတော့ အရင်အခေါက်တွေလို နည်းနည်း အကျပြပြီး ပြန်တက်နေမှာပဲစိုးရတယ်” လို့ ပြောပါတယ်။
95 တစ်လီတာကို ၂၀၃၅ ကျပ် ရှိနေသေးပေမယ့် တခြား 92 နဲ့ ပရီမီယံဒီဇယ် အစရှိတဲ့ စက်သုံးဆီဈေးတွေကတော့ ကျပ် ၂၀၀၀ အောက်သာရှိတော့ပြီး ဒါဟာ နေပြည်တော်မှာ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ၂၀၀၀ အောက်ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။