ကုန်သွယ်မှုလိုငွေ မဖြစ်အောင် သွင်းကုန်တွေကို စိစစ်တင်သွင်းဖို့ ဧပြီ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေးရာ ကော်မတီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံညွှန်ကြားလိုက်ပါတယ်။
ကုန်သွယ်မှု လိုငွေ မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှ ပြည်ပက မတင်သွင်းဖို့နဲ့ အမှန်တကယ် ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကိုသာ စိစစ်ပြီး တင်သွင်းဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်တဲ့ ညွှန်ကြားစာကို ကုန်သည်စက်မှုအသင်းချုပ် အပါအဝင် ပြည်တွင်း စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့တွေ လိုက်နာဖို့ ဖြန့်ဝေခဲ့တယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ကို လျှော့ချဖို့ ကားတင်သွင်းမှုကို ပိတ်ပင်ခဲ့ပြီး ဇိမ်ခံပစ္စည်းတွေ အပါအဝင် ပြည်ပကနေ မဖြစ်မနေ တင်သွင်းဖို့လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ထိန်းချုပ်ခဲ့ပါတယ်။
အရင်က လွတ်လပ်စွာတင်သွင်းခွင့်ပေးထားတဲ့ သွင်းကုန်ပစ္စည်းတွေကိုပါ ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်ကျ ဖို့ဆိုပြီး လိုင်စင်ပြန်လျှောက်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
စစ်ကောင်စီက သွင်းကုန်တင်သွင်းမှုတွေကို စိစစ် ထိန်းချုပ်လိုက်တာကြောင့် သွင်းကုန်လိုင်စင်ရရှိဖို့ ခက်ခဲသွားပြီး လုပ်ငန်းကြန့်ကြာမှုတွေဖြစ်ပေါ်ကာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေတိုးလာတယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။
“သွင်းကုန်လိုင်စင်ရဖို့ မလွယ်ဘူး။ အချိန်ပေးရတယ်။ ကုန်ပစ္စည်းပြတ်တော့ စားသုံးသူပဲ နစ်နာတယ်”လို့ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒေါ်လာလိုအပ်ချက်များနေတဲ့ စစ်ကောင်စီကတော့ ၂၀၂၂ ဧပြီလဆန်းပိုင်းက စပြီး ပို့ကုန်ရငွေ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့သတ်မှတ်ခဲ့ပြီး ပို့ကုန်ရငွေနဲ့ သာ သွင်းကုန်တင်သွင်းခွင့်ပြုတဲ့ စနစ်ကို ပြန်လည်ကျင့်သုံးပြီး သွင်းကုန်တွေကို ရနိုင်သမျှ ပိတ်ပင်ကန့်သတ်ထားပါတယ်။