စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ ဒေသခံ ၉ ဦးကို ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
မေလ ၂ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ကလေးမြို့ အဖွဲ့စုံစစ်ဆေးရေးဂိတ်ကနေ အိမ်စီးကားအမည်းတစီး၊ ဖောကားတစီး၊ ဆိုင်ကယ်တွေနဲ့ ကျေးရွာတွင်းကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ကျေးရွာအနီးနေ ဒေသခံတဦးက “ရွာထဲကို ကားတွေ ဆိုင်ကယ်တွေနဲ့ ၃ နေရာကနေ အတင်းမောင်းဝင်ခဲ့တာ။ သေနတ်တွေပစ်ဖောက်ပြီး ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသွားတယ် ဆိုတာ သေချာမသိရဘူး။ အခုတလော ရွာထဲ ခဏခဏဝင်ဖမ်းတာတွေ များနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သာစည်ရွာက ဒေသခံတွေကို စစ်ကောင်စီက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပြီး ဖမ်းဆီးခံရတဲ့သူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
လတ်တလောမှာ စစ်ကောင်စီတပ်သားတွေက သာစည်ရွာအတွင်းကို မကြာခဏ ဝင်ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးနေပြီး ဧပြီ ၁၈ ရက်ကလည်း ကျေးရွာက ဒေသခံ ဦးသိန်းထွန်းနဲ့ မမြတ်မြတ်ခိုင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။