Home
ဆောင်းပါး
စီးပွားဖြစ်နေတဲ့ထောင်ဝါဒါများ ( ၂ )
DVB
·
May 3, 2023

ခေတ်အဆက်ဆက်က ထောင်တွေမှာ ဝန်ထမ်း(ဝါဒါ)တွေက စီးပွားအလွန်ဖြစ်ကြပါတယ်။ ထောင်ကျသူက ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျရုံမက ထောင်ရဲ့ အထွေထွေစရိတ်တွေကို အကျဉ်းသားတွေ မျှခံရပါတယ်။

ထောင်သားတယောက်က ထောင်ထဲရောက်တာနဲ့ ထမင်းစားဖို့ ဇလုံတလုံး၊ သောက်ရေခွက်၊ ရေချိုးဖို့ ခွက်တွေ ကိုယ့်ဟာကိုယ် ဝယ်ရပါတယ်။ ရေတော့ အလကားချိုးရပါတယ်။ ဒါပေမဲ့ ရေကန်ဘုတ်ကိုင်ကိုတော့ လိုင်းဝင်ထားမှ ရေချိုးရတာ အဆင်ပြေမှာပါ။ ထောင်မှာ ရေက ချိုးချင်တဲ့အချိန် ချိုးလို့မရပါဘူး။ တဆောင်ပြီးတဆောင် သတ်မှတ်ထားတဲ့ (ရေကန်ဘုတ်ကိုင်) စီစဉ်ပေးတဲ့အချိန်မှာ ချိုးရတာပါ။ မီးပျက်တဲ့အချိန်တွေ၊ ရေရှားတဲ့ကာလတွေ၊ ရေရှားတဲ့ဒေသတွေက ထောင်တွေမှာတော့ တနေ့တခါ ချိုးရဖို့က သိပ်မသေချာပါဘူး။ အဲ့ဒီတော့ သေချာဖို့အတွက် ရေကန်ဘုတ်ကိုင်ကို အနည်းအပါးလောက်တော့ ပေးကမ်းထားရပါတယ်။

အခန်း(အိပ်ဆောင်)တွေမှာ ခေါင်းရင်းနေရာရဖို့က ဈေးကြီးသလို မိလ္လာသွားတဲ့နေရာမှာ မအိပ်ရဖို့အတွက်လည်း ပေးရပါသေးတယ်။

‌‌ပေးရ၊ ကမ်းရတွေက ပထမဆောင်းပါးမှာ ရေးပြီးသွားပြီမို့ ထပ်မပြောတော့ပါဘူး။ ဒါပေမဲ့ အတူတူချင်း တနေ့တည်း ထောင်ကျတယ်၊ နှစ်လည်းတူတယ်၊ နောက်ဆုံး လွတ်တော့ အရင်စောလွတ်ဖို့အတွက် ထောင်ပိုင်ရက်ဝယ်ရတာတွေလည်း ရှိပါတယ်။

ထောင်ပိုင်ရဲ့ လုပ်ပိုင်ခွင့်အရ ထောင်တွင်းစည်းကမ်းကောင်းဆိုတဲ့ လျှော့ရက်ကလည်း ဝယ်ရတာပါပဲ။

ခေတ်အဆက်ဆက်က ဆိုး‌မွေထိန်းလာခဲ့တဲ့ သာယာဝတီထောင်

ပြီးခဲ့တဲ့ ၂ လခန့်က သာယာဝတီထောင်ကို တခြားထောင်တထောင်ကနေ ပြစ်မှုဖြစ်ပြီး ထောင်ပြောင်းရောက်လာတဲ့ သူတယောက်ကို မီးစက်တွေမှာသုံးတဲ့ ပတ္တာကြိုးနဲ့ ထောင်အဝင်မှာပဲ ဝိုင်းရိုက်တာကြောင့် အရိုက်ခံရသူ နိုင်ငံရေးအကျဉ်းသား အောက်ပိုင်းချိသွားတယ်ဆိုတဲ့ သတင်းတခု ဆိုရှယ်မီဒီယာတခုမှာ တက်လာခဲ့ပါတယ်။

သာယာဝတီထောင်က ခေတ်အဆက်ဆက် ဆိုးဝါးရက်စက်ခဲ့တာ၊ သူတို့ကို ဘယ်လောက်တောင် လုပ်ပိုင်ခွင့်ပေးထားသလဲဆိုရင် ဝက်တကောင်ဖိုးလောက်တောင် တန်ဖိုးမရှိဘူး၊ မင်းကို ရိုက်သတ်လိုက်လို့ရတယ်၊ မင်းတို့လိုကောင်မျိုး တယောက်သေလို့ စာရွက်တရွက်ပဲကုန်တယ်၊ ငါတို့ထောင်မှာ ဝက်တကောင်သေသွားရင်သာ ပြဿနာရှင်းရတာ တလှေကြီးပဲတဲ့။ အဲ့ဒါက သာယာဝတီထောင်က ဝါဒါတွေရဲ့လက်သုံးစကားပါ။

ဦးသန်းရွှေ ခေတ်တုန်းက နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး စိတ်ကြိုက် တဖက်သတ် ထောင်ချတယ်။ ထောင်ကျသွားရင် Jail Manual အရ အကျဉ်းသားတွေ ရပိုင်ခွင့်အရ (ကွာ) ဆိုတဲ့ လျှော့ရက်ရှိပါတယ်။ အဲဒီလျှော့ရက်က (ကွာ) အကောင်းဆုံးဆိုရင် ထောင်ကျနှစ်တနှစ်ကို ၄ လအထိ ခံစားခွင့်ရှိပြီး ထောင်တွင်းစည်းကမ်းကောင်းရင် ကောင်းသလို၊ ငွေပေးနိုင်ရင် ပေးနိုင်သလို လျှော့ရက်တွေ ခံစားခွင့်ရှိပါတယ်။ သာမန် ငွေမပေးနိုင်သူ အကျဉ်းသားဆိုရင်တောင် (တနှစ်ကို ၂ လခွဲကနေ ၃ လ) အထိ လျှော့ရက် ရကြပါတယ်။

အဲ့ဒါကို သန်းရွှေ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက် (ကွာ) မပေးရ ဆိုပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ အမိန့်ပေးလိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ချသလောက်ကို နှစ်ပြည့်နေနေရတဲ့ အချိန်အခါပေါ့။

ကျ-လွှတ်-ချုပ်-ပြောင်း

တချို့တွေ နှစ်ပြည့်နေခဲ့ပြီးတာတောင် (ဆန်ကျင့်ဘက်အားကောင်း) ဆိုတဲ့ မှတ်ချက် ထိသွားသူတွေဆိုရင် ထောင်က အလွှတ်ပြတဲ့အနေနဲ့ ထောင်ဘူးဝကို ခေါ်သွားတယ်။ ထောင်ဘူးဝကြတော့ ခင်ဗျားကို ဒီနေ့ နေ့စွဲနဲ့ ထောင်ကလွှတ်ပေးလိုက်ပါပြီ၊ ဒါပေမဲ့ အထက်က လူကြီးတွေရဲ့ မှတ်ချက်အရ ပုဒ်မ (၁၀-က) နဲ့ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားဖို့ အမိန့်ဝင်ထားတာကြောင့် ပုံစံအဝတ်အစားတွေ ဒီမှာအပ်နှံခဲ့ပါ။ ပြီးရင် လက်မှတ်ထိုးပြီး အချုပ်အဆောင်ကို ဝန်ထမ်းတယောက်က လိုက်ပို့ပါမယ်။ ဒီနေ့ကစပြီး ခင်ဗျားက အချုပ်သားတယောက် ဖြစ်သွားပြီဆိုပြီး ထောင်ထဲပြန်ဝင်နေရသူတွေလည်း များစွာရှိပါတယ်။

အဲ့ဒီအထဲမှာ ထင်ရှားသူတယောက်ကတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပါ။

အဲ့ဒီလိုတွေ သူတို့ရေးစွဲထားတဲ့ ဥပဒေကို သူတို့ လိုသလိုအသုံးချပြီး နိုင်ငံရေးအကျဉ်းသားတွေကို နိှပ်ကွပ်နေတာကြောင့် သာယာဝတီထောင်ထဲမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ၁၉၉၈ ခုနှစ်မှာ တောင်းဆို တိုက်ပွဲဝင်ကြတာပေါ့။

ပထမတော့ ထောင်ပိုင်ကနေတဆင့် သက်ဆိုင်ရာကို တင်ပြပေးဖို့ တောင်းဆိုကြပေမဲ့ မရတာကြောင့် နောက်ဆုံးမတော့ ထောင်ထဲမှာပဲ အစာအငတ်ခံပြီး ဆန္ဒပြကြတော့တာပေါ့။

ပထမ အစမှာတော့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်နဲ့ စခဲ့ကြတာ။ အဲ့ဒီအချိန်မှာပဲ သူတို့ ၅ ယောက်ကို နဂိုထားတဲ့ တိုက်တွေကနေ ညဘက်ကြီးမှာ အတင်းဆွဲခေါ်သွားပြီး ပြစ်ဒဏ်တိုက်တွေမှာ တယောက်ဆီ ခွဲထားလိုက်ပါတယ်။ ပထမရက်တွေမှာ သူတို့ဘက်က အစာပြန်စားဖို့ အနည်းငယ် စည်းရုံးတာတွေ လာလုပ်ကြပြီး အစာပြန်စားခိုင်းပါတယ်။ အဲ့ဒီမှာ ထောင်ပိုင်လုပ်သူကိုယ်တိုင်က စာရွက်တရွက်ယူလာပြီး ပြပြီးပြောတာက မင်းတို့ကြိုက်သလောက်လုပ်၊ သေသွားရင် ငါက ဒီစာရွက်တရွက်ပဲကုန်မှာ၊ မင်းတို့အသက်က ဒီစာရွက်လောက်ပဲတန်တာ၊ ဒီမှာက ဝက်တကောင်သေသွားရင်သာ အဆင့်ဆင့် တင်ပြရတာ၊ ရှင်းရတာ မလွယ်ဘူး ဆိုပြီး အစာငတ်ခံ ဆန္ဒပြသူတွေကို လာပြီး ခြိမ်း‌ခြောက် ပြောဆိုခဲ့ကြောင်းကို အဲ့ဒီဆန္ဒပြပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့သူတယောက်က ပြောပါတယ်။

နောက်ဆုံးတော့ သူတို့ ၅ ယောက်ကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်၊ ခြိမ်းခြောက်ခံရပြီး ရက်တချို့မှာပဲ ၄ ယောက်က အစာပြန်စားခဲ့ပြီး ကိုအောင်ကျော်မိုး ဆိုသူ လူငယ်တယောက်ပဲ အသက်သေဆုံးတဲ့အထိ အစာအငတ်ခံ တိုက်ပွဲဝင်ရင်း သာယာဝတီထောင်ထဲမှာ ကျဆုံးခဲ့ရပါတယ်။

အဲ့ဒီကိစ္စဖြစ်ပွားစဉ်က ကိုယ်တွေ သာယာဝတီထောင်ကို ရောက်ခါစဆိုတော့ ဖြစ်စဉ်တွေ အကုန်လုံးကို ကြားသိနေရပါတယ်။ နေထိုင်ရာ တိုက်ဝန်းမတူတာရယ်၊ သွားလာခွင့် မရှိတာရယ်ကြောင့် ကိုအောင်ကျော်မိုးကို အလေးပြုခွင့်တောင် မရခဲ့ပါဘူး။

ကိုအောင်ကျော်မိုး အသက်စွန့်ပြီး တိုက်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် လျေှာ့ရက်က ဦးသိန်းစိန်ခေတ်အထိ မရခဲ့ပါဘူး။

အဲ့ဒီအပြင် ထောင်တွင်း အစာငတ်ခံ တိုက်ပွဲဝင်သွားပြီး ကိုအောင်ကျော်မိုး ကျဆုံးသွားတဲ့အကြောင်း နောက်တော့ နိုင်ငံတကာသတင်းတချို့မှာ ပါလာခဲ့ပေမဲ့ အဲ့ဒီ သာယာဝတီထောင်ပိုင်တို့ ထောင်မှူးတို့ကတော့ ဘာပြဿနာမှမရှိ အေးချမ်းစွာပဲ နောက်တော့ ထောင်ပိုင်ရာထူးတိုးပြီး ပြောင်းသွားတယ်။

ရဲဘက်ကာ၊ ထောင်ပြောင်းကာ

ထောင်တွေမှာ နောက်ထပ် ငွေရှာနည်းတခုက ထောင်ထဲရောက်တာနဲ့ ပေးရကမ်းရတာတွေ ပထမရေးပြီးခဲ့ပါပြီ။ အခုက ရေးပြဖို့ကျန်နေခဲ့ပြီး အခုမှ သတိရလာလို့ပါ။

ရဲဘက်ဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ထောင်ထဲကို မ‌ေရာက်ခင်မှာ တရားရုံးတွေက အမိန့်ချကတည်းက အလုပ်ကြမ်းနဲ့ ထောင်ဘယ်နှနှစ်ဆိုတာ ပါလာတာကြောင့် ထောင်ကျရုံတင်မက အလုပ်ကြမ်းပါ လုပ်ရဖို့အတွက် ဥပဒေနဲ့ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။

အဲ့ဒီတော့ အကျဉ်းသားတွေက အလုပ်ကြမ်း လုပ်ရပါတယ်။ အဲ့ဒီအတွက်ကို စစ်အစိုးရအဆက်ဆက်က အကျဉ်းသားတွေကို လမ်းဖောက်ခိုင်း၊ တောင်ဖြို၊ တောရှင်း၊ ကျောက်ထုခိုင်း၊ ကျောက်မိုင်း ခွဲခိုင်း၊ သတ္တုတူးဖော်ခိုင်းပြီး လူတွေရဲ့ လုပ်အားကို ဥပဒေပြဋ္ဌာန်းပြီး အနိုင်ကျင့် ခိုင်းနေတာပါ။ အဲ့ဒီအကျဉ်းသားတွေ အဲ့ဒီအလုပ်တွေ လုပ်ပေးရင်း အသက်သေဆုံးသွားခဲ့လို့ရှိရင်လည်း ဘယ်သူ့ကိုမှ တရားစွဲလို့မရသလို အသက်လျော်ကြေးလည်း မရကြပါ။

အဲ့ဒီလို ကုပ်သွေးစုတ်တဲ့ စခန်းတွေပါ။

ဒါပေမဲ့ ထောင်ထဲရောက်လာတဲ့ တချို့ ထောင်မင်းသား (ထောင်ထဲ ခဏခဏရောက်သူ) တွေက ရဲဘက် အရမ်းလိုက်ချင်ကြတာ။ သူတို့က မြန်မာတနိုင်ငံလုံးက ရဲဘက်စခန်းတွေ အားလုံးရဲ့ အနေအထား၊ အခြေအနေတွေကို အကုန်သိထားပြီး ရောက်ဖူးပြီးသားတွေ။ သူတို့အတွက်ကတော့ ရဲဘက်ရောက်ရင် ဇနီးမယား ခေါ်တွေ့လို့ရတာ၊ ဇနီးခေါ်ထားပြီး ထောင်ဝါဒါကို ငွေပေးပြီး ရဲဘက်စခန်းမှာ ဈေးရောင်းပြီး စီးပွားရှာလို့ရတာ၊ ဒါမှမဟုတ်ရင်လည်း ရဲဘက်စခန်းတွေက ထွက်ပြေးဖို့အကောင်းဆုံး အခွင့်အရေး ရနိုင်တယ် ဆိုတာတွေကို သူတို့သိကြတယ်။

အဲ့ဒီတော့ ရဲဘက်လိုက်ရဖို့ ထောင်ဝါဒါကို ငွေပေးရတယ်။ သာမန်ရဲဘက်ဆိုရင် ဈေးကတမျိုး၊ နေရာပါ ပါရင် ဈေးက ပိုကြီးသွားပြီ။ အဲ့ဒါကလည်း ထောင်တွင်းဈေးကွက်တခု။

နောက်တခုက ရဲဘက်မလိုက်ချင်တဲ့သူတွေကတော့ အခုလို ထောင်ထဲမှာ အိမ်က မကြာခဏ လာတွေ့လို့ရတယ်၊ စားဖို့သောက်ဖို့ ပို့ပေးလို့ရတယ်၊ နောက် ရဲဘက်စခန်းတွေမှာက ငှက်ဖျားမိပြီး သေတာ၊ အလုပ်ပန်းပြီး သေတာ၊ တောရဲတိရစ္ဆာန် အန္တရာယ်နဲ့ သေတာ၊ ကျောက်မိုင်းထိပြီး သေတာတွေနဲ့ ရောဂါဘယတွေ ထူထပ်တာကြောင့် သေဆုံးတတ်ကြတော့ အများစုက ရဲဘက်မလိုက်ချင်ကြဘူး။ အဲ့ဒီတော့ ရဲဘက်မထုတ်ဖို့အတွက် ငွေပေးပြီး ကာရတယ်။ အဲ့ဒါကို ထောင်စကားနဲ့ ရဲဘက်ကာတယ်လို့ ခေါ်တယ်။

တကယ်တော့ ကိုယ်တွေ ၁၀ တန်းစာမေးပွဲဖြေပြီး ငွေပေးပြီး လိုက်ရသလိုပါပဲ။ မအောင်ရင် ငွေပြန်ပေးမယ် ဆိုပြီး အလကား ငွေညာယူသလိုပေါ့။ မတူတာက ထောင်တွေထဲမှာ ရဲဘက် မလိုက်ချင်လည်း ငွေပေးရသလို လိုက်ချင်ရင်လည်း ငွေပေးရပေမဲ့ မသေချာပါဘူး။ မလိုက်ရဖို့ ငွေပေးထားပေမဲ့ ရဲဘက်ပါသွားသူတွေ ရှိသလို လိုက်ဖို့ငွေပေးထားပေမဲ့ ကျန်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ငွေ ပြန်ရမယ်တော့ မထင်ပါနဲ့။

နွေဦးတော်လှန်ရေးခေတ်-သာယာဝတီထောင်

စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့အပြားမှာ သူ့ကို ဆန့်ကျင်သူ၊ မသင်္ကာသူ၊ သူနဲ့မတည့်သူ့၊ သူ့ဘက်မပါသူတွေ အကုန်လုံးကို ဖမ်းဆီးထောင်ချတာတွေကို အာဏာသိမ်းပြီးကတည်းက လုပ်လာတာ ဒီနေ့အထိ။ ဒီကြားထဲ စစ်ကြောရေးမှာ သတ်လိုက်တာတွေ၊ ဖမ်းဆီးစဉ်မှာ သတ်လိုက်တာတွေ ရှိပါသေးတယ်။

အဲ့ဒီလူတွေကို နိုင်ငံအနှံ့အပြား ဒေသအစုံကနေ ဖမ်းပြီး အဲ့ဒီနေရာတွေမှာ ထောင်ကြီးတွေမရှိတော့ အများစုက အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တွေကို ရောက်လာခဲ့ကြတာပေါ့။ အင်းစိန်ထောင်က ပိုကြီးပြီး အကျဉ်းသားပိုဆန့်ပေမဲ့ နောက်တော့ သူလည်း မတတ်နိုင်တော့ တခြားထောင်တွေကို ပြောင်းရွှေ့ထားရတော့တာပေါ့။ အရင်ခေတ်တုန်းကတော့ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို အငြိုးတကြီးနဲ့ ဝေးလံသီခေါင်တဲ့ နေရာတွေကထောင်တွေကို ရွှေ့ပြောင်းပြီး မိသားစု ထောင်ဝင်စာမလာနိုင်အောင် လုပ်ကြပါတယ်။ ကလေးထောင်၊ စစ်တွေထောင်၊ မြစ်ကြီးနားထောင်၊ ခန္တီးထောင် စတဲ့နေရာတွေကို ရေွှ့ပြောင်းကြပေမဲ့ အခုကတော့ လုံခြုံရေးယူပေးဖို့ ရဲအင်အားမရှိတော့တာကြောင့် အင်းစိန်ထောင်နဲ့ အနီးဆုံး သာယာဝတီထောင်ကိုပဲ ရွှေ့ပြောင်းရဲကြတော့တယ်။ ဒီကြားထဲ နိုင်ငံရေးအကျဉ်းသား ထောင်ပြောင်းတွေသယ်လာတဲ့ အချုပ်ကား တိုက်ခိုက်ခံရတာတွေ၊ လွတ်မြောက်သွားမှုတွေ၊ ရဲတွေသေဆုံးမှုတွေ ဖြစ်လာကြတော့ ထောင်ပြောင်းကို ဝေးဝေးလံလံ ပြောင်းဖို့အတွက် စစ်ကောင်စီက မလုပ်ရဲကြတော့ပါဘူး။

နောက်ဆုံးတော့ သာယာဝတီထောင်ကိုပဲ အနီးဆုံးအနေနဲ့ ရွှေ့ပြောင်းရင်း သာယာဝတီထောင်မှာ နိုင်ငံအကျဉ်းသားတွေ အဆမတန်အောင်ကို များလာခဲ့တော့တာပေါ့။

သာယာဝတီထောင်ဝါဒါတွေက အရင်ကတည်းက စိတ်ဓာတ်ညံ့ဖျင်းကြတယ်။ သူတို့က သူတို့ထောင်ကို အင်းစိန်ထောင်တို့ ဘာတို့က ပြောင်းလာရင် ထောင်ကြီးကလာတဲ့လူတွေကို ဝိုင်းဖဲ့မယ်၊ အရင် ဦးချိုးထားရမယ်ဆိုတဲ့ ဝန်တိုစိတ်၊ မနာလိုစိတ်တွေက ဝန်ထမ်းအဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာတယ်။

အခုလည်း ရန်ကုန် အင်းစိန်ထောင်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ နိုင်ကျဉ်း ၇၀၀ ကျော်လောက် သာယာဝတီထောင်ကို ရွှေ့ပြောင်းလိုက်တယ်။

သာယာဝတီထောင်မှာက အရင်က နိုင်ကျဉ်းတွေကို (၁-၂) တိုက်၊ (၃-၄) တိုက်၊ သီးသန့် (က-ခ) (၈) တိုက်၊ တိုက် (၂၀) ဆေးရုံတိုက်၊ ဆရာစံတိုက်ကတော့ ဆရာစံကို ထားခဲ့တာရယ်၊ အရမ်း ဆွေးမြေ့နေတာ‌ရယ်ကြောင့် မသုံးတော့ဘဲ စတိုခန်းလုပ်ထားတယ်၊ အမှတ်တရပေါ့။

အဲ့ဒီတိုက်ဝန်းတွေမှာ အခန်းတခန်းကို နိုင်ကျဉ်း ၃ ယောက် (သို့) ၄ ယောက်စီ ထားတယ်။ ခန့်မှန်းဆိုရင် နိုင်ကျဉ်း ၇၀၀ ကနေ ၁,၀၀၀ လောက်အထိ ထားလို့ရတယ်။ ဒါပေမဲ့ အခုနောက်ဆုံး သတင်းအရတော့ အဲ့ဒီတိုက်ဝန်း‌ေတွနဲ့ မဆန့်တော့လို့ အဆောင်တဆောင်မှာပါ ထားရတယ်လို့ သိရပါတယ်။

နှစ်သီးစား စစ်ဗိုလ်အသွင်ပြောင်းဝါဒါများ

သာယာဝတီထောင်မှာ လက်ရှိ ထောင်ပိုင်နဲ့ ထောင်ပိုင်လေးတွေက စစ်တပ်ကပြောင်းလာတဲ့ သူတွေ ဖြစ်ကြပြီး အလွန်လက်သံပြောင်တယ်လို့ သိရပါတယ်။

တခါကဆိုရင် ထောင်ပြောင်းပါလာတဲ့ နိုင်ငံရေးအကျဉ်းသူ ၂ ယောက်က ပုံစံထိုင်တာ ပုံစံမကျလို့ဆိုပြီး ဝါဒါမတွေနဲ့ သူတပြန် ကိုယ်တပြန် ရန်ဖြစ်ကြတယ်။ အဲ့လို ရန်ဖြစ်နေတုန်းမှာပဲ ဝါဒါမတယောက်က အပြင်မိန်းဂျေးနဲ့ တခါးကြီးကို သတင်းပို့လိုက်တာကြောင့် ယောက်ျားလေးဝန်ထမ်း ဝါဒါတွေ ဒုတ်တွေစွဲ ဝင်လာပြီး ရိုက်နှက်လိုက်ကြတာ ကောင်မလေးတယောက်ဆို သတိမေ့တဲ့အထိ ဖြစ်သွားတယ်။ အဲ့ဒီဖြစ်စဉ်ကို ယောကျ်ားလေး နိုင်ကျဉ်းအဆောင်ဘက်က လှမ်းမြင်ရပြီး အပြင်အထိ သတင်းပေါက်သွားတယ်။ အရိုက်ခံရတဲ့ မိန်းကလေး ၂ ယောက်ဆို မိန်းကလေးတွေရဲ့ မမြင်အပ်တဲ့ အရာတွေပါ ပေါ်တဲ့အထိ အရိုက်ခံရပြီး သူတို့ ၂ ယောက်လုံးကို ရက်ပေါင်းများစွာ တိုက်ပိတ်ထားလိုက်တယ်လို့ သတင်းတချို့မှာ တွေ့လိုက်ရတယ်။

ထောင်လန့်ခရာ(သို့) သေမင်းတမန်ခရာ

နောက်တခုက နိုင်ကျဉ်းတွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခု ဇွန်လမှာဖြစ်ခဲ့တာ။

အဲ့ဒါက ထောင်ထဲမှာ မိလ္လာကန်တွေ ရှိနေတာကို လူများလာလို့ဆိုပြီး နောက်ဆုံး ထောင်ပြောင်းရောက်လာတဲ့ အသုတ်က နိုင်ကျဉ်းတွေကို မိလ္လာတွင်း ၂ ခု တူးခိုင်းတယ်။ မိုးတွေကလည်း ရွာနေချိန်ဖြစ်တာကြောင့် ပါလာတဲ့အဖွဲ့ကသူတွေက‌ ‌ေငွစုပြီး အလုပ်ကြီးဘုတ်က အကျဉ်းသားတွေကို ပိုက်ဆံပေးပြီး တူးခိုင်းလိုက်မယ်၊ သူတို့ စားဖို့သောက်ဖို့လည်း စီစဉ်ပေးပါမယ်ဆိုပြီး တာဝန်ကျထောင်မှူးနဲ့ ညှိတာကို ထောင်မှူးက လက်မခံဘဲ တထောင်လုံးက ဝန်ထမ်းတွေအားလုံးကို အာဏာဖီဆန်နေတယ်ဆိုပြီး စက်နဲ့ပေါက်ပြီး သတင်းလည်းပို့၊ ခရာလည်း တွတ်လိုက်တယ်။

ထောင်တွေမှာ အခုလို ခရာတွတ်ပြီဆိုရင် ထောင်ထဲကရှိသမျှ ဝန်ထမ်းတွေ အပြင်နဲ့ လိုင်းခန်းတွေက ဝန်ထမ်းတွေ ရှိရှိသမျှ အကုန် ဒုတ်တွေကိုင်ပြီး ဝင်လာရသလို မျှော်စင်တွေအားလုံးနဲ့ ဂတ်ကြီးပေါ်က သေနတ်သမားတွေပါ ကျည်ထိုးပြီး အဆင်သင့် စောင့်နေရတယ်။

ထောင်ထဲက အကျဉ်းသားတွေ အားလုံးကတော့ ခရာတွတ်သံကြားတာနဲ့ ကိုယ့်အဆောင် ကိုယ်ရောက်အောင် ပြန်ရတယ်။ ဝေးနေရင် နီးစပ်ရာ အ‌ေဆာင်တဆောင်ဆောင်ထဲကို ဝင်နေရတယ်။

အပြင်မှာတွေ့တဲ့ အကျဉ်းသားမှန်သမျှ အရိုက်ခံရမယ်။ အဲ့ဒီလို ထောင်လန့်ခရာတွတ်ပြီဆိုရင် ရိုက်လို့သေသွားလည်း ဘာပြဿနာမှ မရှိသလို သေနတ်ပစ်ခွင့်ပါရတယ်။

အဲ့ဒီမှာ ခုနက ညှိနှိုင်းနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာတော့ ဝါဒါတွေရဲ့ ဝိုင်းရိုက်တဲ့အောက်မှာ သတိလစ်သူလစ်၊ ကျိုးပဲ့တဲ့သူ ကျိုးပဲ့နဲ့ သွေးချင်းချင်း နီခဲ့ရတာပေါ့။

အဲ့ဒီလို ရိုက်နှက်နေတဲ့အချိန်မှာ ထောင်ပိုင်လေးဆိုတဲ့သူက ဘေးကနေ သူ့ဖုန်းနဲ့ ဗွီဒီယိုကို အားရပါးရရိုက်ရင်းနဲ့ ဘာမဆိုင်ညာမဆိုင် အပြင်က PDF ကိုပါ စိန်ခေါ်သွားသေးတယ်ဆိုပဲ။ ရိုက်နှက်နေတဲ့ သူ့ဝါဒါတွေကိုလည်း ညာသံပေးရင်း တဖက်ကလည်း ဗွီဒီယိုရိုက်ရင်း မှတ်တမ်းတင်ထားရင်း အခုလို ရိုက်နှက်ထားတာကို အပြင်ပေါက်ကြားသွားလို့လည်း ဘယ်သူ့မှ ဂရုမစိုက်ကြောင်းပါ။ အော်ဟစ်ပြောဆိုသွားတယ် ဆိုပဲ။

ပြီးတော့မှ သွေးအိုင်ထဲကနေ တယောက်ချင်းစီကို တရွတ်တိုက်စွဲသွားပြီး တိုက်ပိတ်၊ ပါဆယ်ပိတ်နဲ့ ပြစ်ဒဏ်တိုက်ထဲ ထည့်ထားလိုက်တော့တာပေါ့။

ဒဏ်ရာအနည်းငယ်ပဲရပြီး လှုပ်နိုင်သေးတဲ့သူတွေကတော့ မိလ္လာကျင်း ထွက်တူးရတော့တာပေါ့။

အဲ့ဒီဖြစ်စဉ်ကတော့ အဲ့ဒီရိုက်ပွဲဖြစ်ပြီးမှ ၂၀၂၃ ဧပြီလ ၁၇ ရက်နေ့ လွတ်ငြိမ်းနဲ့ သာယာဝတီ ထောင်က လွတ်လာသူတယောက်ထံက သိရပါတယ်။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024