ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းကနေ မယ်ဆိုင်ချောင်းကို တရားမဝင် ဆိုင်ကယ်နဲ့ဖြတ်ကူးဖို့ ကြိုးစားခဲ့တဲ့ မြန်မာလူငယ်တဦးကို ထိုင်းနယ်စပ်လုံခြုံရေး စစ်တပ်နဲ့ တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြပါတယ်။
မေလ ၁ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ ထိုင်းစစ်ဆေးရေးဂိတ် မရောက်ခင်နားမှာ လူငယ်တဦးက နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တစီးကို တွန်းလာကာ ခြုံထဲကနေတဆင့် မယ်ဆိုင်ချောင်းထဲကို မောင်းချပြီး ဖြတ်ကူးဖို့ ကြိုးစားနေစဥ်မှာ နယ်စပ်တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာမှာ တာချီလိတ်မြို့နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး မယ်ဆိုင်ဘက်မှာနေတဲ့ တခြားမြန်မာနိုင်ငံသားတဦးက မယ်ဆိုင်ဘက်ခြမ်းကနေ တာချီလိတ်ကို ဆိုင်ကယ်သယ်ပေးဖို့ ဘတ် ၅,၀၀၀ ပေး စေခိုင်းခဲ့တဲ့အတွက် သယ်ဖို့ကြိုးစားခဲ့တာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းကို အခုလို သယ်ယူဖို့မကြိုးစားခင်မှာ စေခိုင်းတဲ့သူက စိတ်ကြွဆေးပြား သုံးစွဲခိုင်းပြီးတော့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်က ရွာတရွာကနေပြီးတော့ ဒေသခံရွာသားတဦးက အိမ်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကို ခိုးယူခိုင်းခဲ့ပြီး အခုလို သယ်ယူဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားက ထွက်ဆိုပြီး ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မယ်ဆိုင်ရဲစခန်းကို ပို့ဆောင်ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။