Home
မြန်မာသတင်း
ပြည်သူ့ဆန္ဒကသာလျှင် NUG ၏ ဆန္ဒဖြစ်၊ စစ်ကောင်စီကို အမြစ်ဖြတ်ရန် အတူကြိုးစားကြရ မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
DVB
·
May 2, 2023

ပြည်သူ့ဆန္ဒကသာလျှင် NUG ရဲ့ဆန္ဒဖြစ်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းဖို့ အတူဝိုင်းဝန်းကြိုးစားကြရမှာဖြစ်တယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောလိုက်ပါတယ်။

မတ် ၂ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးအပေါ် ကြား၀င်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း  ယာယီသမ္မတ ဒူဝါလရှီးလက “အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရလုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီး ဖြစ်မှာပါ။ အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ် ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် ၂ နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ ကျနော်တို့ ပြည်သူတွေ အများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ်ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ်ကိုလည်း ယာယီသမ္မတက ကန့်ကွက်ရှုတ်ချလိုက်ပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှဉ်းဆဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024