Home
မြန်မာသတင်း
တောင်ဥက္ကလာတွင် နေအိမ် ၄ လုံး မီးလောင်
DVB
·
May 2, 2023

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်မှာ မေ ၁ ရက် ညက မီးလောင်ပြီး  လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့  မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မနေ့ ည ၆ နာရီ ၅၇ မိနစ်လောက်က  မီးသတင်းရရှိခဲ့ပြီး မီးတောက်အားကောင်းနေတာကြောင့် ည ၇ နာရီ ၈ မိနစ်မှာ Level 1အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ၂ ထပ်အဆောက်အဦ တလုံးနဲ့ ပျဉ်ထောင်အိမ် ၃ လုံး လောင်ကျွမ်းပျက်စီးသွားကာ အရပ်သားထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက "အသင်းကရောက်တော့ကို အိမ် ၂ လုံးလောက် မီးထဲပါပြီးနေပြီ။ အိမ်တွေက မီးတောက်အားကောင်းတာ၊ အိမ်ထဲက ဂက်စ်ဘူးတွေ ပေါက်တာမျိုးတွေ ရှိတယ်၊ အားလုံး ၄ လုံး ပျဉ်ထောင်အိမ်တွေ များတယ်၊ လူထိခိုက်မှုတော့ သိရသလောက် မရှိဘူး" လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှုကို တောင်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့ ယာဉ်တွေနဲ့ နီးစပ်ရာ ကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် ည ၇ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းကို မသိရသေးသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း သက်ဆိုင်ရာနယ်မြေ မီးသတ်တပ်ဖွဲ့က စုံစမ်းတွက်ချက်နေဆဲဖြစ်ပါတယ်။

ရန်ကုန်က တိုက်ကြီး၊ တွံတေး၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ မေ ၁ ရက်တည်း မီးလောင်မှု ဖြစ်စဉ် ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုက မြက်ခြောက်မီး၊ အမှိုက်ပုံမီးနဲ့ တောမီးလောင်တာတွေလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ( ပရဟိတများ သုခကာရီအသင်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024