Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၆၆၀ ကျော်ဖြစ်၊ အရပ်သား ၃၂၀ ခန့် သတ်ဖြတ်ခံရ
DVB
·
May 1, 2023

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီ (ကယား) ပြည်နယ်ထဲမှာ  တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူအယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ ရက် မနေ့ကအထိ ကရင်နီပြည်နယ်တွင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှုကတော့ ၃၆၃ ကြိမ်ထိရှိခဲ့ပြီး ပျက်စီးသွားတဲ့နေအိမ် ၁,၄၉၇ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၃၄ လုံး ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ မတရား ဖမ်းဆီးခံထားရသူအရေအတွက်ကတော့ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၉၅ ယောက် သေဆုံးကာ စစ်ကောင်စီယာဉ် ၆၁ စီး ပျက်စီးသွားခဲ့သလို KNDF ၊ ပြည်သူ့ ကာကွယ် ရေးတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂၅၉ ယောက် ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက် ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရ တာ ဖြစ်ပါတယ်။

ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာ ပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်) က ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024