စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီကို မှတ်ပုံပြန်တင်ခြင်းမရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့ ပါတီ ဆိုင်းဘုတ်တွေကို ပြန်ဖြုတ်ချဖို့ စစ်ကောင်စီ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးရုံးက ဖိအားပေးနေတယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။
မြို့နယ်တချို့မှာ ပါတီဆိုင်းဘုတ်တွေကို စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက ကိုယ်တိုင်လာဖြုတ်သွားပြီး တချို့နေရာမှာတော့ လက်နက်ကိုင်ရဲတွေနဲ့အတူ လာပြောသွားတယ်လို့ SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
“ဧပြီ ၂၄ ရက်ကစပြီး မြို့နယ်ထွေအုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတဆင့် စာပို့လာတယ်။ ရှမ်းအရှေ့ မိုင်းတုံမှာဆိုရင် ထွေအုပ်နဲ့အဖွဲ့က ကိုယ်တိုင်လာဖြုတ်ချသွားတယ်။ ပုံပါကျင်မှာကျတော့ ထွေအုပ်ကော ရဲကောလာပြီး ဆိုင်းဘုတ်ဖြုတ်ဖို့ ပရဝဏ်ထဲထိ လာပြောတယ်။”
ဆိုင်းဘုတ်ဖြုတ်ဖို့ စာလက်ခံရရှိတာ ရှမ်းအရှေ့ဒေသမှာ ၄- ၅ မြို့နယ် ၊ရှမ်းပြည်တောင်ပိုင်းမှာ လင်းခေးနဲ့ ကချင်ပြည်နယ်မှာ ဝိုင်းမော်စတဲ့မြို့တွေဖြစ်ပြီး ညွှန်ကြားစာရတဲ့ဒေသတွေမှာ မိမိပါတီကိုယ်တိုင် ဖြုတ်ခဲ့ပြီဖြစ်ကြောင်း၊ တချို့မှာ ထွေအုပ်ရုံးက ကိုယ်တိုင်လာဖြုတ်သွားတယ်လို့ ဆိုပါတယ်။
မှတ်ပုံမတင်လို့ ပါတီဆိုင်းဘုတ်ဖြုတ်ရတာကိုလက်ခံပေမဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင် လုပ်ထုံးလုပ်နည်းနဲ့အညီ တရားဝင်စာထုတ်သင့်ကြောင်း၊ ခုလိုလက်နက်ကိုင်ပြီး လာပြောတော့ ပါတီသိက္ခာထိခိုက်ပြီး ပြည်သူတွေလည်း နားလည်မှု လွဲနိုင်တယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။
“ယူအီးစီကိုယ်တိုင် တရားဝင်စာထုတ်သင့်တာပေါ့၊ မှတ်ပုံတင်ပျက်ပြယ်တဲ့ ပါတီအကုန်လုံး ဘယ်နေ့ နောက်ဆုံးထား ဆိုင်းဘုတ်ဖြုတ်ပါ စာထုတ်ပေါ့။ ပြည်ထဲရေးနဲ့ စည်ပင်ကို လွှဲချနေတာကိုက နည်းလမ်းမကျတာ။ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ လုပ်စေချင်တယ်။ တရားနည်းလမ်းနဲ့အညီ လုပ်သင့်တယ်။ပါတီဆိုင်းဘုတ်ဖြုတ်ဖို့လောက်ကို လက်နက်ကိုင်ဆောင်ပြီး လာပြောရတယ်ဆိုတာ ပါတီသိက္ခာထိခိုက်တယ်၊ ပြည်သူတွေ အထင်အမြင်မှားနိုင်တယ်ဆိုတာလောက်တော့ နားလည်သင့်တာပေါ့။”
သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲမဝင်တော့ပေမဲ့ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေပြီး တခြားတဘက်မှာလည်း အတူယှဥ်တွဲနေထိုင်ရေးမူနဲ့အညီအစပြု အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
SNLD ပါတီဟာ ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် တနိုင်ငံလုံးမှာ အမတ်နေရာ အများဆုံးရခဲ့တဲ့ပါတီဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားပါတီတွေထဲမှာ အမတ်နေရာအများဆုံးရခဲ့တဲ့ ပါတီဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမှုနဲ့ မတရားမှုမှာ တရားတဲ့ ဘက်ကနေမယ်လို့ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားတဲ့နိုင်ငံရေးပါတီများ အစည်းအဝေးတွေကို တက်ရောက်ခြင်းမရှိခဲ့သလို ရွေးကောက်ပွဲဝင်ဖို့ ပြန်ပြီးမှတ်ပုံတင်ခြင်းလည်း မရှိပါဘူး။
စစ်ကောင်စီဟာ ပါတီပြန်ပြီး မှတ်ပုံမတင်တော့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဆိုင်းဘုတ်တွေကိုလည်း အဓမ္မလိုက်လံ ဖြုတ်ချနေပါတယ်။