Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ဖေါင်းပြင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွား၊ အလုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
DVB
·
April 29, 2023

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ဆည်ချောင်းရွာမှာ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက "စစ်တပ်နဲ့ PDF မနက်အစောပိုင်းတိုက်ပွဲဖြစ်ပွားတယ်။ ၁၁ နာရီလောက်မှာ တိုက်ပွဲပြီးသွားတယ် (စခ..)နဲ ပျူ ၆ ‌ယောက်သေတယ်။ ဆည်ချောင်းရွာက ရွာခံတွေနဲ့ အနီးနားကရွာကပြည်သူတွေ စစ် ဘေးရှောင်နေကြရတယ် PDF ဘက်က တယောက်ထိတယ် " လို့ ပြောပါတယ်။

ဧပြီလ ၂၉ ရက် ဒီမနက်ပိုင်းအချိန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်း ၄ ခုကိုဝင်ရောက်တိုက်ခိုက်ရာ ရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း  တံတားဦးလေဆိပ်ကနေ YAK-130 နဲ့တက်လာပြီး မနက် ၈ နာရီခွဲလောက်မှာ လေကြောင်းပစ်ကူနဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ ကနဦးသိရပါတယ်။

စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ဖန်းခါးကျင်းရွာအနီးမှာ ဧပြီ ၂၈ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ ဒီနေ့မနက်ပိုင်းက စတင်ထွက်ခွာလာပြီး မုံရွာ နမခစစ်တပ်ကို ပြန်တဲ့စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖန်းခါးကျင်းရွာသားတဦးက  “စစ်ကြောင်းထွက်ကတည်းက တအုန်းအုန်းပစ်နေကြတာပဲ။ စစ်ကြောင်းလာတိုင်း ပြေးရတာတော့အမောပဲ။ နေကပူပူနဲ့ ရေကငတ်သေး။ ဒီလောက်ပြည်သူတွေ ဒုက္ခရောက် သေကျေနေတာ နှစ်ဖက်လုံး မလျှော့ကြသေးဘူးလား။ ပြည်သူတွေ အကုန်သေမှ ညှိနှိုင်းတာတွေလုပ်ကြတော့မှာလား။ အခုလည်း ကျနော်တို့ရွာမြောက်ဘက် စစ်ကြောင်း မရောက်ခင်ကတည်းက တဖက်က ပြင်စဉ်တာတွေလုပ်ပြီးပစ်ခတ်တယ်။ ကိုယ်တွေကတော့ တိုက်ပွဲဖြစ်တော့မယ်ဆိုတာသိလို့ ကလေးပါမကျန် အကုန်ခေါ်ပြီး ထွက်ပြေးရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် ညောင်ပင်ကန်ရွာအနီးမှာလည်း ဧပြီ ၂၈ ရက် မနက် ၇ နာရီကျော်လောက်က တကြိမ် မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ချင်းတွင်းဘရားသားချင်းတွင်းအဖွဲ့ခေါင်းဆောင်က “တိုက်ပွဲက ညနေ ၅ နာရီ နဲ့ မိနစ် ၄၀ က မိုင်းဆွဲခဲ့တာဗျ။ မိုင်းကရှေ့ထွက်မိုင်း ၃ လုံးထောင်ပြီး မိုင်းဆွဲခဲ့တာ။ တလုံးကွဲပြီး ၂ လုံးကမကွဲဘူး။ တလုံးကွဲတာက စခ ၄ ကောင် နေရာတင် တုံးလုံးပက်လက်ပဲဗျ။ ၄ကောင်ကတော့ သေချာပေါက်သေတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ချင်းတွင်းဘရားသားအဖွဲ့နဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာလို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024