ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဧပြီ ၂၇ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ လူထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
“မနေ့ညနေ ၆ နာရီကျော်လောက်က လက်နက်ကြီးနှစ်လုံး အရင်ထုတယ်၊ ည ၁၁ လောက်ကျတော့ လေယာဥ်နဲ့ ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့လည်း ဆက်တိုက်ထုတယ်၊ လူတယောက်ထိတယ်လို့တော့ ကြားတယ်။ သူတို့ကတော့ လုပ်ချင်ရာလုပ်နေကြတာပဲ။”
လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်သူတွေလည်းရှိနေပြီး တဦးသေဆုံးတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်နေပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း အကြိမ် ၃၁၀ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင်အရေအတွက် ၁၃၄ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧပြီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။