ရန်ကုန်တိုင်း မြို့နယ် ၅ ခုမှာ မနက်ဖြန် ဧပြီ ၂၈ ရက်ကစတင်ကာ ၃ ရက်ဆက်တိုက် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုတွေ ရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ 230kV မြောင်းတကာပင်မဓာတ်အားခွဲရုံ၊ (230/33/11) kV, Main Transformer (3) Banks ရဲ့ Bushing တွေ စစ်ဆေးထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် အဆိုပါနေ့တွေမှာ မနက် ၈ နာရီကနေ ၁၀ နာရီအထိ မှော်ဘီ၊ တိုက်ကြီး၊ မြောင်းတကာ၊ ဥက္ကံနဲ့ အဖျောက်မြို့နယ်တွေရဲ့ နေရာတချို့မှာ ယာယီဓာတ်အား ပြတ်တောက်မှုရှိမှာ ဖြစ်ကြောင်းနဲ့ ပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
နိုင်ငံတွင်းမှာ လျှပ်စစ်ဓာတ်အားလောက်အောင် မပေးနိုင်တဲ့ စစ်ကောင်စီဟာ ဆိုလာစနစ်ကနေရတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်သူတွေဆီကနေ ပြန်ဝယ်ဖို့ ကြိုးစားနေပြီး ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်ပကနေ သွင်းတာအတွက်လည်း အကောက်ခွန်ကင်းလွတ်ခွင့် ပြုမယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး နိုင်ငံတော်အကျိုးအတွက် ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စေဖို့အတွက်လို့ ဆိုပါတယ်။
ကင်းလွတ်ခွင့်ပြုတဲ့ ပစ္စည်းတွေကတော့ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ ဆိုလာချပ်တွေ၊ ပေါင်းစပ်ထိန်းချုပ်ကိရိယာတွေ၊ ဆိုလာအင်ဗာတာ၊ အိမ်သုံးတပ်ဆင်မှု ပုံစံတွေ၊ ရေပေါ်မှာတပ်ဆင်တဲ့ စနစ်နဲ့ ဆိုလာထိန်းချုပ်ကိရိယာနဲ့ တွဲလျက်တင်သွင်းလာတဲ့ ဘက်ထရီတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တနှစ်ထက်တနှစ် လျှပ်စစ်ဓာတ်အား ပေးနိုင်တဲ့ ပမာဏ လျော့လာနေပြီး ရန်ကုန်မှာတော့ ဆိုလာစနစ်ကနေရတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြန်ဝယ်ဖို့ ကမ်းလှမ်းနေပါတယ်။
လက်ရှိမှာ နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှုတွေက ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး တရက်ကို ၂၄ နာရီနီးပါး ပြတ်တောက်နေတဲ့ နေရာဒေသတွေရှိသလို သတ်မှတ်ချိန်ထက်ပိုပြီး လျှပ်စစ်မီး ပြတ်တောက်နေတဲ့ နေရာဒေသတွေလည်း ရှိနေပါတယ်။
လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုက လူထုအကြားမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး စီးပွားရေးလုပ်ငန်းတွေလည်း အခက်ကြုံနေရပါတယ်။