Home
မြန်မာသတင်း
ဘီးလင်းစစ်ဘေးရှောင် ၇,၀၀၀ ကျော် နေထိုင်စားသောက်ရေးနှင့် ဆေးဝါးများ လိုအပ်နေ
DVB
·
April 27, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေး အပြင် ဆေးဝါးလိုအပ်ချက် အခက်အခဲတွေ ရှိနေတယ်လို့ ဧပြီ ၂၇ ရက် ညနေ ၄ နာရီက ကေအန်ယူ ဘီးလင်းမြို့နယ် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း-၂ နယ်မြေအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဝင်းတာပန်နဲ့ လေးကေတပ်စခန်းတွေက ၂၀၂၂ ခုနှစ် ဧပြီလကစတင်ပြီး နေ့တိုင်းလိုလို လေးကေကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ နီးပါးဟာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

စစ်ဘေးရှောင်ပြည်သူတွေကို ကေအန်ယူ၊ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက ထောက်ပံ့လှူဒါန်းတာတွေရှိပေမဲ့ ရက်ရှည်ကြာလာတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကေအန်ယူ ဘီးလင်းမြို့နယ်တာဝန်ခံက “တပ်စခန်းကနေ ရွာထဲကို လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်တယ်။ ရွာသားတွေက ရွာထဲမှာနေတာထက် ခြံတွေနဲ့ နီးစပ်ရာ တောတောင်တွေမှာ လိုက်နေရတာက ပိုလုံခြုံတယ်ဆိုပြီး ပြန်မလာတော့ဘူး။ ကြာလာတော့ စစ်ရှောင်တွေက စားဝတ်နေရေးနဲ့ ဆေးဝါးအခက်အခဲတွေ ရှိလာတယ်။ အခု ရာသီဥတုပူလာတော့  ရေအခက်အခဲပါ ရှိလာတယ်” လို့ ပြောပါတယ်။

အလားတူ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအတွင်းကို ရန်ကုန်-သထုံ ကားလမ်းမပေါ်က စစ်ကောင်စီရဲ့ သံတံတားတပ်စခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်နေတဲ့အပြင် စစ်ကောင်စီရဲ့ ခမရ ၃၊ ခလရ ၈ တပ်တွေက စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့အတွက် အိမ်ခြေ ၇၀၀ ကျော် လူဦးရေ ၄,၀၀၀ နီးပါးဟာ ဇုတ်သုတ်၊ လိပ်ခုံ၊ ကော့ကထိုး၊ ကျီးပင်၊ ကြံဖန်၊ ညောင်သာရွာ စတဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “ဒေသခံတွေက စစ်ရေးအတွေ့အကြုံမရှိဘူး။ ပစ်ရင်ပြေးလိုက်၊ ငြိမ်ရင်ပြန်လာလိုက်။ ခဏခဏဖြစ်နေတော့ သူတို့ပြေးနေတဲ့ ရွာကလူတွေကိုလည်း အားနာတာတွေလည်း ပါတယ်။ စစ်ကြောင်းတွေက ရွာနားမှာ လှုပ်ရှားနေတဲ့အပြင် သူတို့မထင်ရင် မထင်သလို ရွာက လူနေအိမ်တွေပါ မီးရှို့သွားတာ ရှိတယ်။ ဒေသခံတွေအတွက် သီးသန့် စစ်ဘေးရှောင်စခန်း လုပ်ပေးနိုင်ရင် ဒေသခံတွေအတွက် ပိုလုံခြုံမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်မှာ စစ်ကောင်စီတပ်သားတွေက အလူးလေးကျေးရွာသားတဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ်ကိုပါ ယူဆောင်သွားခဲ့သလို ထပ်မံပြီး ဧပြီ ၂၃ ရက်က အလူးလေး အလယ်ကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာသားပိုင် မော်တော်ယာဉ်တွေနဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့ပါတယ်။

လတ်တလောမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်း ပြန်လည်မနေထိုင်ရဲသေးဘူးလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024