ပြင်ပရွှေစျေး တကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ထိ မြင့်တက်လာချိန်မှာ ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကို ကျပ် ၂၉ သိန်းအောက် ဈေးလျှော့ရောင်းချကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မေတ္တာရပ်ခံစာ ထုတ်ပြန်လာပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေစျေးအရ ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေအနေနဲ့ မီးလင်းရွှေ တကျပ်သားကို ကျပ် ၂၉ သိန်းအောက် ဝန်းကျင်နဲ့သာ အရောင်းအဝယ် ပြုလုပ်သင့်တယ်လို့ ယူဆကြောင်း YGEA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၂၀ အထက်မှာရှိခဲ့ပြီး သင်္ကြန်အလွန်ကာလမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ အောက်ကို ပြန်လည်ကျဆင်းလာပါတယ်။
ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ပြင်ပစျေးကွက်မှာ ကျပ် သိန်း ၃၀ ဝန်းကျင်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေအနေနဲ့ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာပြီး ရွှေဝယ်ယူစုဆောင်းမှုတွေ များလာတာကြောင့် မြန်မာ့ရွှေဈေး မြင့်တက်နေရခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာပါ။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ဒီနေ့ ဧပြီ ၂၇ ရက် ညနေပိုင်းမှာ ရွှေတကျပ်သားကို ကျပ် ၂,၃၅၅,၀၀၀ အဖြစ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။