ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကချင်အထူးဒေသ ၁ ပန်ဝါမြို့၊ ဇွတ်လန်ကျေးရွာမှာ ဧပြီ ၂၅ ရက်ညက မြေရှားသတ္တုလုပ်ကွက်တစ်ခုရဲ့အပေါ်ကျင်းလုပ်ငန်းခွင်မှာ ကျင်းပြိုကျလို့ လူငယ် ၂ ဦး ပါသွားကာ တဦး သေဆုံးပြီး တဦးကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဘက်ဟိုး အသုံးပြုပြီး တစ်နေကုန် တစ်ညလုံး ရှာဖွေရာမှာ အသက် ၂၄ နှစ်အရွယ် မောင်ကျန်းယိန်းရဲ့ အလောင်းကိုပဲ ပြန်ရှာတွေ့ပြီး နမ္မတီးလမ်းခွက မောင်လမာနော်ကိုတော့ ရှာမတွေ့သေးဘူးလို့ သတ္တုလုပ်ကွက်လုပ်ငန်းခွင်ကနေ သိရပါတယ်။
မြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက "ကျင်းပြိုတာက ဖြစ်နေကျပါ။ နှစ်တိုင်း သတ္တုတွင်းပြိုပြီး လူအသေအပျောက်ရှိတယ်။ မိုးတွင်းဆို ပိုဆိုးတာပေါ့။ အပေါ် ဘေးအကုန်ဖောက်ထားပြီး ရေလောင်းထားတော့ အရမ်းသတိထားရတယ်။ ကျင်းထောင်းတဲ့လူက ပြီးရင်ပြန်သွားတော့ ကြီးကြပ်တဲ့သူနဲ့အစောင့်လောက်ပဲ ကျန်တာ။ ခုက ကျင်းခေါင်း " လို့ ပြောပါတယ်။
ဒီလို လူအသေအပျောက် ဖြစ်ခဲ့ရင်လည်း တရုတ်ငွေ ယွမ် သုံးလေးသောင်းကို ကုမ္ပဏီဘက်က ပေးလေ့ရှိပြီး အသုဘပြီးဆုံးတဲ့ထိ တရုတ်ငွေ ၁၀၀၀ ကျော်ပတ်ဝန်းကျင် ကူညီတတ်ကြောင်း သေဆုံးသူ မိဘအသိုင်းအဝိုင်းကနေ သိရပါတယ်။
မြေရှားသတ္တုတွင်းလုပ်ငန်းမှာ အပေါ်ကျင်းထောင်းအဖွဲ့၊ ဘေးကျင်းတစ်ဖွဲ့၊ ပိုက်သယ်တစ်ဖွဲ့၊ ရေကန်ကြည့်တစ်ဖွဲ့၊ မီးဖုတ်တစ်ဖွဲ့ စသဖြင့်အဖွဲ့လေးတွေသီးသန့်ရှိပြီး တာဝန်ယူထားတဲ့အပိုင်းကို ပုတ်ပြတ် လုပ်ကြတာများတယ်လို့လည်း အပေါ်ကျင်းသမားတစ်ဦးကပြောပါတယ်။
အပေါ်ကျင်းက ပိုပင်ပန်းပြီး ဘေးကျင်းသမားတွေက စက်ကိုင်တတ်ဖို့လိုသလို တရုတ်စကားတတ်ဖို့လို့လည်း ပြောပါတယ်။
တရုတ်ပြည်က တင်သွင်းလာတဲ့ ဘေးကျင်းဖောက်စက်တွေက လုပ်ငန်းဆိုက်ပြီးရင် အသုံးမဝင်တော့ဘဲ ပစ်ထားခဲ့ရတာမို့ လုပ်ငန်းဆိုက်တွေပြီးရင် မီးစက် ရေပိုက် မိုးကာတွေကတော့ ပုံကျန်ခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအရပ်ရပ်က လူငယ်အများစုက တရုတ်ငွေ ၆၀၀၀ ပတ်ဝန်းကျင်လောက်ထိရတဲ့ မြေရှားသတ္တုတွင်းလုပ်ငန်းတွေရှိရာ ပန်ဝါဘက်ကို ပိုအာရုံစိုက်လာရောက် အလုပ်လုပ်ကိုင်နေကြတာပါ။
တရုတ်ယွမ်ငွေနဲ့ပဲ စျေးဖြတ်တဲ့ ပန်ဝါမြို့မှာ အဆင်ပြေသူရှိသလို စားရမဲ့ သောက်မဲ့အခြေအနေတွေမှာ တန်ကြေးထက် ထက်ဝက်တောင်မရှိတဲ့ လုပ်အားခတွေနဲ့ဖြစ်ဖြစ် အလုပ်အကိုင်ရဖို့ ဦးစားပေးလုပ်ကိုင်နေကြရတာလည်းရှိပါတယ်။