တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပုလုကုန်းရွာ၊ အထပ်သားစက်ရုံဝင်းမှာ ဧပြီ ၂၅ ရက် မနက်ပိုင်းက ရေတွင်းဟောင်းတခုကို ပြန်တူးရာက မြေသားပြိုကျပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိ ဦးအောင်မျိုးသူဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဇမ္ဗူသီရိ လူမှုကူညီကယ်ဆယ်ရေးအသင်းရဲ့ကားနဲ့ ထားဝယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တဦးက “၉ နာရီခွဲလောက် သတင်းရပြီး ကယ်ဆယ်ရေးသွားကြတယ်။ မြေသားပြိုကျနေတော့ ရိုးရိုးပြန်ဆယ်လို့မရဘူး၊ မြေတူးစက်နဲ့ တွင်းကိုချဲ့တူးပြီးမှ ကယ်ရတယ်။ ပေ ၂၀ ကျော်ကျော်လောက်တူးပြီး နေ့လယ် ၂ နာရီထိုးခါနီးလောက်မှ အလောင်းပြန်ရတယ်” လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာတွေမှာ နွေရာသီရောက်တိုင်း ရေတွင်းတွေ ခန်းခြောက်လေ့ရှိတဲ့အတွက် ပြန်လည်တူးဖော်ရလေ့ရှိပြီး အခုနှစ်မှာ အပူရှိန် မြှင့်တက်မှုကြောင့် ရေတွင်းရေကန် ခန်းခြောက်မှုတွေ ပိုဖြစ်နေတယ်လို့ ရေရှားတဲ့ အခက်အခဲ ကြုံနေရတဲ့ ဒေသခံတွေက ဆိုပါတယ်။
ဧပြီ ၂၅ ရက် ညနေပိုင်းမှာတော့ ထားဝယ်မြို့ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအတော်များများမှာ မိုးစတင်ရွာသွန်းနေပြီလို့ သိရပါတယ်။