ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီ ၁၆ ရက်ကစပြီး လျှပ်စစ်မီး ပြတ်တောက်နေတာ တပတ်ကျော် ကြာနေပြီလို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်မှုကြောင့် နေ့စဉ် ချက်ပြုတ်စားသောက်ရေးနဲ့ လုပ်ငန်းလည်ပတ်မှုတွေ အရမ်းအခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မှော်စီဆာကျေးရွာ ဒေသခံတဦးက “ဧပြီ ၁၆ ရက်ကစပြီး မီးကပျက်နေတာ၊ အရင်ရက်တွေကတော့ လာလိုက် ပျက်လိုက်နဲ့ပေါ့။ ခုတော့ လုံးဝမလာတော့တာ တပတ်ကျော်ပြီ။ လျှပ်စစ်မီးနဲ့ ထမင်းချက်၊ ရေတင်၊ ဖုန်းအားသွင်း ခက်ခဲနေတယ်။ မိသားစု ကျောက်ဖြတ်လုပ်ငန်းလည်း မီးမလာတော့ ရပ်ထားရတယ်။ ဆီဖိုးလည်း နေ့တိုင်းမတတ်နိုင်ဘူးလေ၊ တော်တော်ခက်ခဲနေရတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေမှာလည်း ဧပြီ ၂၂ ရက်ကစပြီး လျှပ်စစ်မီးကို အချိန်ဇယားနဲ့ အုပ်စုလိုက်ပေးသွားမယ်လို့ ဘူးဂါးလျှပ်စစ်လုပ်ငန်းမှ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာသလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာလည်း အလှည့်ကျ အုပ်စုဖွဲ့ပြီး လျှပ်စစ်မီး သုံးစွဲနေရတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။