Home
မြန်မာသတင်း
သောင်ရင်းမြစ်ဘေးရှိ စစ်ရှောင်စခန်းမှ ကလေးငယ်များအတွက် စာရေးကိရိယာများ လိုအပ်နေ
DVB
·
April 25, 2023

ကရင်ပြည်နယ်၊ သောင်ရင်းမြစ်ဘေး လေးကေ့ကော်ဒေသ စစ်ရှောင်တွေအတွက် ယာယီဖွင့်လှစ်ထားတဲ့ ပလော့တပို့ စစ်ဘေးရှောင်စခန်းမှာ မဲကနယ်ကျေးရွာ၊ မဲပလဲ့ကျေးရွာကနေ စစ်ရှောင်လာတဲ့သူတွေထဲက ကလေးငယ် ၂၆၈ ဦး စာသင်ကြားနိုင်ဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရတဲ့ ကလေးငယ် ၃,၀၀၀ ကျော်မှာ ၂၀၂၁-၂၀၂၂ ခုနှစ် စာသင်နှစ်ကနေ အခု ၂၀၂၃-၂၀၂၄ စာသင်နှစ်အထိ ၃ နှစ်တာကာလအတွင်း စာမသင်ကြားရတဲ့ ကလေးငယ်တွေကို စာသင်ကြားနိုင်ဖို့ ပလော့တပို့စစ်ရှောင်စခန်းမှ ပညာသင်ကြားရေး အစီအစဥ်တွေ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က လေပြင်းတိုက်ခတ်တဲ့အထဲမှာ စာသင်ကျောင်းဆောင် ပြိုကျသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့်ကျောင်းဖွင့်ရာသီအတွက် စစ်ရှောင်ကလေးငယ်တွေ စာသင်ကြားနိုင်ဖို့ ကျောင်းလွယ်အိတ်၊ ကျောင်းဝတ်စုံနဲ့ ကျောင်သုံးစာရေးကိရိယာတွေ လိုအပ်နေတာလို့ ပလော့တပို့ စစ်ရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“တနေ့က လေပြင်းတိုက်လို့ စာသင်ကျောင်းဆောင်လည်း ပြိုကျသွားတယ်လေ။ အဲ့တော့ ပြန်ပြင်ဆောက်ဖို့လည်း လိုအပ်နေပါတယ်။ နောက်ပြီးတော့ ကျောင်းကလည်း ပြန်ဖွင့်တော့မယ်ဆိုတော့ လွယ်အိတ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာတွေအပြင် ရိက္ခာတွေဖြစ်တဲ့ ကုန်ခြောက်ပစ္စည်းနဲ့ ဆန် အဓိကလိုအပ်နေတာ ဖြစ်တယ်။”

လက်ရှိအချိန်မှာ ကလေးငယ်တွေအတွက် နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းနဲ့ ကွန်ပျူတာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။ တနေ့ကို ကွန်ပျူတာသင်တန်း ၃ ချိန် သင်ကြားပေးတာကြောင့် တနေ့တာအတွက် ဓာတ်ဆီ တဂါလန်လောက် နေ့စဥ်လိုအပ်နေတယ်လို့ သိရပါတယ်။

“ကလေးတွေကို စာသင်တဲ့အခါမှာ သူတို့စာလိုက်နိုင်တဲ့အပေါ် မူတည်ပြီး အတန်းတွေခွဲပြီး သင်ကြားပေးနေတာပါ။ ဘယ်နှတန်းကနေ ဘယ်နှတန်းအထိဆိုပြီး သီးသန့်သင်ကြားပေးတာမျိုး မရှိပါဘူး။ ကွန်ပျူတာသင်တန်းက တနေ့ ၃ ချိန် သင်ပေးနေတယ်။ မီးစက်နဲ့သင်ရတာဆိုတော့ ဓာတ်ဆီလည်း လိုအပ်နေပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပလော့တပို့ စစ်ရှောင်စခန်းမှာ လေးကေ့ကော်က စစ်ဘေးတိမ်းရှောင်လာတဲ့ ကလေးငယ်တွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လလောက်ကတည်းက ပညာသင်ကြားပေးရေး အစီအစဥ်တွေ စတင်ဆောင်ရွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024