Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ် ဝဲကြီးရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်
DVB
·
April 24, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဝဲကြီးရွာအနီးမှာ စစ်ကောင်စီတပ်က ဒီနေ့ ဧပြီ ၂၄ ရက် မနက် ၁၀ နာရီကျော်ကစပြီး လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဟာ မြစ်ကြီးနားမြို့ကနေ အခုလို လာရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထီးချိုင့်ဒေသခံတဦးက “လေကြောင်းနဲ့ ဒီနေ့တရက်တည်း ၅ ကြိမ် တိုက်ခိုက်တယ်။ ဘာကြောင့်တိုက်ခိုက်တယ်လို့ ထင်လဲဆိုတော့ မြေပြင်မှာက ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့လောက်က ထီးချိုင့် မြို့စောင့်တပ်နဲ့ ငအိုးဘက်က တက်လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီး ကျနော်တို့ ထီးချိုင့်နယ်အနောက်ခြမ်းကို ထိုးလာပြီး PDF အဖွဲ့တွေနဲ့ ရက်ရှည် တိုက်ပွဲဖြစ်နေတာဗျ။ အဲလိုတိုက်ပွဲဖြစ်ပြီး သူတို့ဘက်က အကျအဆုံးများလို့ လေကြောင်းနဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အခုလို မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာရော၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံ ဝဲကြီးရွာ၊ တောမရွာ၊ ကျွန်းပင်သာရွာ၊ မရသိမ်ရွာ၊ မုတ်ဝ၊ ဖုံကုန်း စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ် PDF အဖွဲ့ဝင်တဦးက “တိုက်ပွဲက ၃ ရက်လောက်ရှိပြီ။ သူတို့ဘက်က အကျအဆုံးများလို့ လာပစ်တာ ဖြစ်နိုင်တယ်ဗျ။ ပစ်တာက ဝဲကြီးရွာ ဘေးပတ်ပတ်လည်ရယ်၊ မရသိမ်ရွာအနီး အရိုးတောင် တောင်ကုန်းအနီးရယ်၊ တောမရွာအနီးတွေမှာ ပစ်သွားတယ်။ ပထမတကြိမ် လာပစ်တာက ဂျက်ဖိုက်တာနဲ့ အရင်လာပစ်တယ်။ နောက် ၄ ကြိမ်ကတော့ တရုတ်နိုင်ငံထုတ် အပြာနုရောင် တိုက်လေယာဉ် လာပစ်သွားတယ်။ ပစ်တာကလည်း ကျနော်တို့ PDF စခန်း ရှိနိုင်မယ်လို့ ထင်တဲ့နေရာတွေကို ထင်ကြေးနဲ့ ပစ်ခတ်သွားတာဗျ။ အထိအခိုက်ကတော့ လတ်တလော မရှိသေးဘူး။ မြေပြင်တိုက်ပွဲကလည်း တင်းမာနေဆဲပဲ” လို့ ပြောပါတယ်။

အရင်ရက်တွေက တိုက်ပွဲမှာ PDF ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရထားတယ်။  စစ်ကောင်စီကတော့ ထီးချိုင့်နယ်အတွင်းက အလယ်တော၊ ဆူးပုတ်ချောင်၊ သခွတ်ချောင်ရွာ စတဲ့ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ညောင်ပင်သာကျေးရွာကို မီးရှို့ခဲ့ပြီး အခု အင်အား ၁၅၀ ကျော်နဲ့ နောက်တကြိမ် စစ်ကြောင်းစထိုးနေတာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတွေက ခုခံစစ်နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024