Home
မြန်မာသတင်း
ခမောက်ကြီးနှင့် ပုလောမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်
DVB
·
April 24, 2023

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာအနီး ရာဘာခြံထဲမှာ ဒေသခံပြည်သူ ၁ ဦးကို ဧပြီ ၂၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ကော့သောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ပစ်သတ်ခံရသူ အမျိုးသားမှာ အသက် ၄ဝ ကျော်အရွယ် မောင်လတ် ဆိုသူဖြစ်ပြီး ကျေးရွာနဲ့ တမိုင်ကျော်ဝေးတဲ့ ရာဘာခြံထဲမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ရာဘာခြံထဲရှိနေတဲ့အချိန် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ လာရောက်ပစ်သတ်သွားတာလို့ သိရပါတယ်။

ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “သူက ရာဘာခြံ အလုပ်သမားတဦးပါ။ ဘာအပြစ်မှလည်း မရှိဘူး။ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်သွားတာပါ။ သူက ဒီရွာသားတယောက်ပါပဲ။ အင်အား ၃ဝ လောက် စစ်ကြောင်းထိုးလာတဲ့အချိန် ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခမောက်ကြီးမြို့ ရှမ်းကိုးရွာက ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

ခမောက်ကြီးမြို့ ရှမ်းကိုးရွာမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ကောင်စီတပ်က မကြာခန စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလဂိတ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သား ၂ ဦးကို ဧပြီ ၂၂ ရက် မနက် ၁၀ နာရီမှာ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတ်ဖြတ်ခံရသူ ဦးကျော်ထွန်းနဲ့ သားဖြစ်သူတို့မှာ ကြဲရွာသားတွေဖြစ်ကြပြီး ဦးကျော်ထွန်းရဲ့ ဇနီး ဒေါ်ရီရှင် ရှိရာ ထိုင်းနိုင်ငံကို သွားမယ့်လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ပလဂိတ်မှာ အရပ်သား ၂ ဦး ဖမ်းဆီးခံရတာတော့ ဟုတ်တယ်။ အလောင်းတွေ ပြန်ရတာတော့ မရှိသေးဘူး။ သေဆုံးမှုအတွက် ကျနော်တို့ဘက်က အတည်မပြုရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပလဂိတ်မှာ စစ်တပ်က အရပ်သား ၂ ဦးကို ကားပေါ်ကနေဆွဲချပြီး ဖမ်းပြီး ပစ်သတ်လိုက်တယ်။ သတ်ခံရတဲ့သူတွေက အရင် ကြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးလွင်နဲ့ ဆွေမျိုးတော်စပ်သူတွေဖြစ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးလွင်ကို စစ်ကောင်စီတပ်သားတွေက ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းလောက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024