Home
မြန်မာသတင်း
ပလမြို့ ၌ ဖမ်းဆီးခံရသည့် ဒေသခံဆိုင်ကယ်များကို စစ်ကောင်စီတပ်က အဓမ္မသိမ်းယူ ရောင်းစား
DVB
·
April 24, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေက မတ်လနဲ့ ဧပြီလအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆိုင်ကယ်တွေကို ဒေသခံတွေဆီ ပြန်မပေးတော့ဘဲ အဓမ္မ သိမ်းယူ ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “ပလဂိတ်ကနေ ဖြတ်သွားတဲ့ ဆိုင်ကယ်မှာလည်း လိုင်စင်မရှိရင် ဖမ်းတာမျိုး အခုထိ ရှိနေတုန်းပဲ။ မြိတ်ဘက်လမ်းကြောင်းက အဆင်ပြေတော့ ဆိုင်ကယ်တွေ မြိတ်ဘက်ဆီ သယ်သွားတာရှိတယ်။ တချို့ဆိုင်ကယ်တွေကျတော့ ပလမြို့အနီးနားဝန်းကျင်မှာပဲ အရောင်းအဝယ် လုပ်လိုက်ကြတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေဆိုလည်း တစီးကို သဲအိတ် ၃၀ ပေးပြီး ထုတ်ရတာတွေရှိတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်ဖမ်းဆီးခံရတဲ့ ဒေသခံတဦးကလည်း “ဆိုင်ကယ်ဖမ်းခံထိချိန်မှာ လိုင်စင်စာအုပ်မပါလို့ အိမ်ပြန်ပြီး လိုင်စင်စာအုပ် ပြန်သွားယူပြီး ပြန်သွားထုတ်ချိန်မှာ မထုတ်ပေးဘူး။ အခုချိန်ထိလည်း ကျနော့်ဆိုင်ကယ် ဘယ်နားရောက်နေမှန်းတောင် မသိဘူး” လို့ ပြောပါတယ်။

ပိုင်ရှင်တွေဆီ ပြန်မရောက်တဲ့ ဆိုင်ကယ် စုစုပေါင်း ၇၀ နီးပါးလောက်ရှိပြီး အဆိုပါ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေက ရောင်းစားလိုက်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“ပုလောမှာက တခါတလေမှပဲ ဖမ်းတယ်။ အဓိက ဖမ်းတာက ပလမှာ ဖမ်းတာပိုများတယ်။ တပိုတို့ ဇရပ်ဆိပ်တို့ စတဲ့ ပုလောတောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေက ရွာသားတွေက ပလကိုဖြတ်တဲ့အချိန်မှာ ဖမ်းဆီးခံထိတာ ပိုများတယ်။ စစ်သားတွေက ဆိုင်ကယ်တွေကို ပြန်သူတွေဆီပြန်မပေးဘဲ မြိတ်ဘက်ကို ရောင်းစားကြတယ်” လို့ ပလမြို့ခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024