စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ပန်းရံဆရာ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၁ ရက် ညနေက ကျေးရွာအနီး နည်းပညာတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့လို့ ကျောင်းဝင်းအနား ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ကျေးရွာကျောင်းဝင်းတံတိုင်းကို ဆေးသုတ်နေကြတဲ့ ပန်းရံဆရာ ဦးမင်းမင်းသန့်နဲ့ ဦးမျိုးထွေးတို့ သေဆုံးသွားကြပြီး ဒဏ်ရာရသူ ၅ ဦး ဆေးရုံတက်နေကာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဘာကြောင့်ပစ်တာလဲတော့ သေချာမသိဘူး။ လက်နက်ကြီးက ရွာထဲကို ၃ လုံးကျတာ။ ဒဏ်ရာရတဲ့သူတွေက မြို့ပေါ်ဆေးရုံမှာ ဆေးကုနေကြရတယ်။”
အဲ့ဒီနေ့မှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ချင်းဆိုင်ရွာက ဒေသခံတဦး လက်နက်ကြီးထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အရင်က ထိုမာကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပေမဲ့ ရွာထဲကို လက်နက်ကြီးကျလေ့မရှိဘဲ ပထမဦးဆုံးအကြိမ် ရွာထဲကျတာလို့ ရွာခံတွေက ပြောပါတယ်။