ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရိုးကြီးရပ် ဒေသအခေါ် ရိုးကြီးဦးပိန်တံတားအနီးမှာ ဧပြီ ၂၃ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ၄ ကြိမ်ထပ်မနည်း ကျရောက်ပေါက်ကွဲတာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံ အမျိုးသား၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး စုစုပေါင်း ၆ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အမှန်ပဲဗျ နေ့ခင်းကြီး ဖြစ်သွားတာ။ တလုံးနဲ့တလုံး စက္ကန့်ပိုင်း နဲ့ မိနစ်ပိုင်းပဲကွာတယ်။ တချို့က တံတားနားကျတယ်၊ တချို့အလုံးက လျှိုထဲ၊ တချို့အလုံးက လူနေအိမ်တွေ နားကျတော့ လမ်းသွားလမ်းလာတွေနဲ့ အနီးအနားရှိတဲ့သူတွေထိကုန်တော့တာပဲ”လို့ မြို့ခံတဦးက ပြောပါတယ်။
PDF/KIA တွေ ဗန်းမော်နားကပ်လာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်တပ်က အခုရက်ပိုင်းအတွင်း ဗန်းမော်ပတ်ဝန်းကျင်နဲ့ ကျေးရွာအချို့ဘက်တွေမှာ စစ်ကြောင်းတွေထိုးပြီး စစ်ဆေးရေးတွေ တင်းကျပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။