ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၅ ၊ နယ်မြေ ၄ မှာ နေထိုင်တဲ့ ဦးဆိုင်ခွက်နေအိမ် ဝါယာကြိုးရှော့ဖြစ်ရာက ဧပြီ ၂၃ မနက် ၇ ခွဲမှာ မီးလောင်သွားတယ်လို့ ဒေသခံဆီက သိရပါတယ်။
မီးပျက်ပြီးနောက် မီးပြန်လာချိန် ဝါယာကြိုးရှော့ဖြစ်ရာက မီးလောင်သွားတယ်လို့သိရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ရွှေ ၃ ကျပ်သားနဲ့ ငွေသား ကျပ် သိန်း ၅၀ ပါသွားတယ်လို့ အိမ်ရှင်အမျိုးသမီးဆီက သိရပါတယ်။
မီးလောင်သွားတဲ့အိမ်ဟာ နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ထပ်အားလုံး မီးထဲပါသွားပြီး အောက်ထပ်မှာ တေ့ာ ပစ္စည်းအချို့သာ မီးထဲပါသွားပေမဲ့ တခြားအိမ်ကို မီးကူးစက်တာမျိုး မရှိဘဲ ရပ်ကွက်နေသူ များက ဝိုင်းဝန်းမီးသတ်ပေးပြီး မီးငြိမ်းခါနီးမှ မီးသတ်ကားလာတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
မီးလောင်သွားတဲ့ အိမ်နဲ့ နီးစပ်သူတဦးက "မီးလောင်တဲ့အချိန် အိမ်ရှင်အမျိုးသမီးက အိမ်မှာမရှိဘူး။ အိမ်ရှင်အမျိုးသားက နေမကောင်းလို့ အိမ်အပေါ်ထပ်မှာ အိပ်နေတာ။ တော်သေးတယ်။ မီးလောင်တဲ့ထဲ သူပါမသွားလို့။ မီးလောင်သွားတာ စိတ်မကောင်းဘူး။ ဒီခေတ်မှာ အိမ်တလုံး ပြန်ဆောက်ဖို့ဆိုတာ မလွယ်ဘူးလေ"လို့ ပြောပါတယ်။