စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရဲ့မြောက်ဘက်ရှိ လေးတွင်းဇင်ရွာကို စစ်တပ်က ဧပြီ ၂၂ ရက် မနက် ၈ နာရီမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။
ပဇီကြီးရွာဒေသခံ တဦးက “သူတို့က လေးတွင်းဇင်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတယ်။ ရွာသားတွေကတော့ ကျနော်တို့ ရွာ(ပဇီကြီး)ကို လေယာဉ်နဲ့ ပစ်ခတ် ပြီးချိန်ကတည်းက ရွာသားတွေက ရှောင်နေကြတယ်။ မနက်ခင် ၈ နာရီလောက်ရောက်တော့ လေးတွင်းဇင်ရွာ မီးလောင်နေတာကို အဝေးကနေမြင်ရတယ်”လို့ပြောပါတယ်။
စစ်တပ်က ရွာကို မီးရှို့လို့ တော်လှန်ရေးအဖွဲ့တွေက သွားပစ်တာတွေလည်း ရှိသလို မိုင်းထောင်၊ မိုင်းဆွဲတာလည်း ရှိတယ်တဲ့အကြောင်းနဲ့ စစ်ကောင်စီဘက်က အသေအပျောက်ကတော့ မသိရှိရဘဲ PDF ဘက်က ၃ ဦး လောက် မစိုးရိမ်ရဒဏ်ရာ ရခဲ့တာရှိတယ်လို့လည်း PDF နဲ့ စီးစပ်တဲ့ ပဇီကြီးရွာသားကပြောပါတယ်။
မနေမွန်းလွဲ ၁ နာရီလောက်ရောက်တော့ စစ်ကောင်စီတပ်တွေဟာ လေးတွင်းဇင်ရွာကနေ ချောင်သာရွာဘက်ထပ်ပြီး စစ်ကြောင်းထွက်လာချိန် လေးတွင်းဇင်ရွာသား စစ်ရှောင်သားဖ ၃ ယောက်ကို ရှာဖွေတွေ့ရှိ ဖမ်းဆီသတ်ဖြတ်ခဲ့သလို စစ်ရှောင် ဒေသခံ ၅ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကန့်ဘလူမြို့နယ် ပဇီကြီးရွာအနီးတဝိုက်ကို စစ်ကောင်စီကတော့ စစ်ကြောင်းထိုးရှာဖွေနေတာ ကြောင့် ဒေသခံရွာသားအများစုဟာ လုံခြုံတဲ့တခြားမြို့နယ်တွေကို ရွှေ့ပြောင်းနေထိုင် ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့တာဖြစ်ပါတယ်။