Home
မြန်မာသတင်း
စစ်တွေမြို့ ရပ်ကွက်အချို့၌ ရေအခက်အခဲကြုံတွေ့နေရ
DVB
·
April 22, 2023

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်အချို့မှာ ရေအခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကန်တော်ကြီးရေဖြန်ဝေပေးမှု လက်ရှိ ရပ်တန့်နေပြီး ဗျိုင်းဖြူရွာမှ ပေးဝေသော ရေပေးဝေမှုမှာလည်း အချိန်မှန် မပေးတာကြောင့် ရေအခက်အခဲ ကြုံတွေ့နေကြရတယ်လို့ စစ်တွေဆင်ကူးလမ်းဒေသခံတဦးက ပြောပါတယ်။

"ရေရှားမူဒဏ်ကို များစွာခံနေကြရတယ်။ ကန်တော်ကြီး ရေမလာတာ အချိန်များစွာ ကြာပါပြီ။ ဗျိုင်းဖြူရွာက ပေးတဲ့ရေကလည်း ရက်တစ်ပတ်မှာ သုံးရက်သာ ရေပေးပါတယ်။ ရေပေးတဲ့ အခါမှာလည်း နေ့လယ် ၂ နာရီခွဲကနေ ၅ နာရီအထိသာ ပေးပါတယ်။ အကွက် ၁၊ အကွက် ၂ တောက်လျှောက်ဒုက္ခရောက်နေကြတာပါ။"

ဗျိုင်းဖြူရွာမှ ပေးဝေသော ရေဟာလည်း ရေပိုက်တွေ ပေါက်ပြဲနေတာကြောင့် ရေမြောင်း ပုပ်န့်တွေ နံနေပြီး သန့်ရှင်းမှု မရှိတာကြောင့် ကျောက်ချဉ်နဲ့ ရေကို သန့်စင် သုံးစွဲနေကြရတယ်လို့   စစ်တွေဆင်ကူးလမ်းရပ်ကွက်အကွက်  ၂ မှ အမျိုးသမီးကြီးတဦးက ပြောပါတယ်။

အခုလို ရေပိုင်ပေါက်ပြဲနေတာနဲ့ပတ်သက်လို့ စည်ပင်အဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ပေမဲ့ လုပ်ပေးမယ်လို့ဆိုပြီး အခုထိ လာရောက် မလုပ်ပေးသေးဘူးလို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့မှာ ၁ ရက်ကို ရေဂါလန် ၁ ဒသမ ၉ သန်း လိုအပ်နေပြီး မြေအောက်ရေတူးဖော်မှုမှ ကန်တော်ကြီးရေကန်သို့  ၁ ဒသမ ၃ သန်း ပေးဝေနေပြီး အပြည့်အဝ မပေးနိုင်သေးဘူးလို့  ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လူမှုကွန်ရက်စာ မျက်နှာမှာ ဧပြီ ၁၈ ရက်က ရေးသားထားပေမဲ့ မြေပြင်အခြေအနေနဲ့ နှိုင်းယှဉ်လျှင် မဖြစ်နိုင်ဘူးလို့ စစ်တွေဒေသခံတွေက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုနှစ် ဒုတိယအကြိမ် ရခိုင်ပြည်ခရီးစဉ် အတွင်း စစ်တွေမှာ ရေရှားပါးမှု မဖြစ်ပေါ်စေရေး၊ ကန်တော်ကြီးရေ မပြတ်လတ်စေရေးကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် မြေအောက်ရေတူးဖော်ပြီး လုပ်ဆောင်နေကြတာပါ။

လက်ရှိအချိန်အထိ  မြေအောက်ရေ တူးဖော်မှုမှာလည်း သင်္ဂနက်ကျေးရွာအနီးက နေရာတခုမှာသာ အောင်မြင်သေးပြီး ကန်တော်ကြီးအနီးအနားနဲ့ ဂေါက်ကွင်း ဧရိယာမှာ တူးစက်ကြီးတွေနဲ့ ဆက်လက် တူးဖော်နေဆဲဖြစ်ပါတယ်။

စစ်တွေမြို့မှာ ရပ်ကွက် ၃၅ ခု အနက် ဆင်ကူးလမ်းရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ အုန်းတပင်၊ ရွာသာယာ၊စက်ရုံစုစသည့် ရပ်ကွက် ၁၀ ရပ်ကွက်မှာ အဝီစိတွင်းတွေ တူးမရတာကြောင့် အစိုးရ ရေအပေါ်မှီခိုနေကြရပြီး အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၂ သောင်းကျော်ခန့် ရေ အခက်တွေ့နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024