ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ တာချီလိတ်-ကျိုင်းတုံသွားလမ်းမ၊ မိုင်တိုင်အမှတ် ၆၈၈/၆၈၉ ကြား၊ ဆွတ်ပလောင်းရွာနဲ့ တာကျောက်ရွာအနီးရှိ နမ့်လုံချောင်းထဲကို ဧပြီ ၂၀ ရက်၊ ညနေပိုင်းက ခရီးသည်တင် တိုယိုတာဟိုင်းအေ့စ် အဖြူရောင်ယာဉ်တစီး ထိုးကျခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ချောင်းထဲပြုတ်ကျခဲ့တာကြောင့် ကားပေါ်ပါ ၂၅ ဦးအနက် အသက် ၂၀ ကျော် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၄ ဦး အပါအဝင် လူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဆိုပါယာဉ်ပေါ်ရှိ လူတွေဟာ ထိုင်းနိုင်ငံကနေ ပြန်လာကြတာလို့ စုံစမ်းသိရှိရပြီး တာချီလိတ်ကနေ ကျိုင်းတုံသွားလမ်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအသင်းက“ရွာသားတယောက်က ဖုန်းဆက်လာတာ၊ ကားတစီးက ပြုတ်ကျလာတယ်တဲ့။ ဟိုရောက်တော့ အကုန်လုံးကယ်ထုတ်ပြီး Deadbody ၃ ခု ထွက်ပါတယ်။ ကားသမားကိုတော့ စိုးရိမ်ရလို့ ကျိုင်းတုံဆေးရုံကြီး ပို့ထားတယ်။ ကားကတော့ ၁၂ ယောက်စီး၊ ၁၃ ယောက်စီးကားပေါ့။ လိုင်းတွေဘာတွေ ဝင်ထားတဲ့ ကားတော့ မဟုတ်ပါဘူး။ ခရီးသည်တွေက နယ်ပြန်ဖို့ကို ကားသမားနဲ့ ချိတ်ပြီးတော့မှသွားကြတယ်။ လမ်းမှာ ဒီလိုဖြစ်သွားတာ”လို့ ပြောပါတယ်။
ယာဥ်ပေါ်ပါခရီးသည်တွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလို့ သိရပြီး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရသူတွေကိုတော့ မိုင်းဖြတ်မြို့နယ်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။