ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်း မီးလောင်ပျက်စီးပြီး ဆရာတော်တပါး ပျံလွန်တော်မူသွားပါတယ်။
ဧပြီ ၁၉ ရက် ည ၉ နာရီဝန်းကျင်လောက်က ဘုရားဖြူကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားပြီး သက်တော် ၇၀ ဝန်းကျင်ရှိ ဆရာတော်တပါး ပျံလွန်တော်မူကာ ကိုရင်တပါးမှာ မီးလောင်နေစဉ် ကျောင်းပေါ်မှ ခုန်ချခဲ့တာကြောင့် ခြေထောက်ကျိုးဒဏ်ရာ ရရှိသွားတယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မဇ္စျိမအသင်းထံက သိရပါတယ်။
မဇ္စျိမအသင်း တာဝန်ရှိသူက “ကျနော်တို့ကို ဆက်သွယ်လာတော့ ည ၉ နာရီကျော်ပြီ။ ဟိုရောက်သွားတော့ ကျောင်းတိုင်တွေပဲ ကျန်တော့တယ်။ မီးလောင်သွားတာက ပင်မကျောင်းဆောင်ကြီးပါ။ ကျောင်းမှာရှိတဲ့ ဆရာတော်တပါး ပျံလွန်တော်မူသွားပြီး ကျောင်းပေါ်ကခုန်ချလို့ ကိုရင်တပါး ခြေထောက်ကျိုးသွားတယ်။ ကိုရင်ကိုတော့ ဆေးရုံပို့ထားပေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဘုရားဖြူကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်တာဟာ အခုနှစ်အတွင်း ရပ်စောက်မြို့အတွက် ပထမဆုံးအကြိမ် အဆိုးရွားဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်တဲ့ အကြောင်းရင်း အသေးစိတ် အချက်အလက်ကို မသိရသေးပါဘူး။