Home
မြန်မာသတင်း
လောင်းလုံးတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသည့်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်
DVB
·
April 20, 2023

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအနီးမှာ ဧပြီ ၁၈ ရက်ညက WY စိတ်ကြွဆေးပြား ရောင်းဝယ်သုံးစွဲနေတဲ့ အဖွဲ့တဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေစဥ် လက်နက်ကိုင်ဆောင်ထားတဲ့ အဲဒီအဖွဲ့ဝင် ၅ ဦးခန့်ကို ဥယျာဥ်ခြံထဲက နေအိမ်တခုမှာ တွေ့ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်နက်ချဖို့ ပြောဆိုခဲ့ပေမဲ့ လက်မခံဘဲ စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးကတော့ အဲဒီမူးယစ်အဖွဲ့ဝင်တွေဟာ ညဘက် မကြာခဏ သေနတ်ပစ်ဖောက်လေ့ရှိတာကြောင့် အရေးယူပေးဖို့ ရွာခံတွေက လာရောက်တိုင်ကြားတာတွေလည်းရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ရွာခံတွေ လာတိုင်နေတာက ကြာပြီ၊ ကျနော်တို့လည်း သူတို့ကို ဆက်မလုပ်ကြဖို့ ခဏခဏ သတိပေးပေမဲ့ မလိုက်နာတာ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ သူတို့နားရောက်တော့ လက်နက်ချဖို့ အော်ပြောသေးတယ်၊ အဲဒါကို သူတို့က စပစ်တာ။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်ချိန်မှာတော့ အဲဒီအဖွဲ့က ထွက်ပြေးသွားလို့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကျည်အသင့်ထည့်ထားတဲ့ လက်လုပ်ဘော်ကာသေနတ် ၁ လက်၊ တူမီးသေနတ် ၂ လက်၊ ဂက်စ်သေနတ် ၁ လက်၊ WY စိတ်ကြွဆေးပြား ၄၀၀ ကျော်၊ ဆိုင်ကယ်တစီးနဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဥယျာဥ်ခြံနဲ့ သုံးခြံကျော်လောက်မှာ ဧပြီ ၁၉ ရက် ညနေပိုင်းမှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ခဲ့ရပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ အဲဒီအမျိုးသားဟာ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာ ဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုနိုင်ပါဘူး။

“ညက ပစ်ခတ်မှုပြီးလို့ အဲဒီနား နယ်မြေရှင်းလင်းတော့ လက်နက်တွေ၊ မူးယစ်ဆေးတွေပဲ သိမ်းဆည်းရမိတာ၊ လူသေနေတာကိုက နောက်တရက် ညနေလောက်မှ သိကြတာ၊ ပစ်ခတ်မှုအတွင်း သေတာ ဟုတ် မဟုတ်ကိုတော့ အတည်မပြုနိုင်ဘူး။”

ဒေသခံတဦးကတော့ သေဆုံးခဲ့တဲ့ အမျိုးသားဟာ မူးယစ်အဖွဲ့ဝင်တွေနဲ့ အတူနေထိုင်လေ့ရှိသူ တဦး ဖြစ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဧပြီ ၁၁ ရက်ကလည်း ညင်းမော်ကျေးရွာနဲ့ ကပ်လျက် စစ်ပြဲကျေးရွာမှာ WY စိတ်ကြွဆေးပြား အရောင်းအဝယ်လုပ်နေတဲ့ စစ်မှုထမ်းဟောင်းတဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်လုပ်သေနတ် ၄ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်နဲ့ အချိတ်အဆက်ရှိလို့ဆိုကာ ပစ်သတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024