Home
မြန်မာသတင်း
စစ်ကောင်စီ လေတပ်အရာရှိများကို အပြစ်ပေးစီရင်နိုင်ပါက ကျပ်သိန်း ၅၀၀ တန်မြေကွက် ချီးမြှင့်မည်ဟု မင်းတပ် CDF ကြေညာ
DVB
·
April 20, 2023

မင်းတပ်မြို့နယ်ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ လေတပ်အရာရှိ ၃ ယောက်နဲ့ အပေါင်းပါတွေကို အပြစ်ပေးစီရင်နိုင်ပါက ငွေကျပ်သိန်း ၅၀၀ တန်မြေကွက် ချီးမြှင့်မယ်လို့ မင်းတပ် CDF က ကြေညာလိုက်တယ်။

ဧပြီ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ မင်းတပ် CDF ရဲ့ စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ Pilot (လေယာဉ်မောင်းသူ) နှစ်ယောက်ဟာ ဗိုလ်မှူးနေဝင်းကျော်နဲ့ ဗိုလ်မှူးသက်လင်းမောင်တို့ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အထူးအားကိုးတဲ့ Pilot (လေယာဉ်မောင်းသူ) တွေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်မောင်းသူ နှစ်ယောက်ဟာ Yak အုပ် စစ်ဆင်ရေး တံတားဦး၊ နေပြည်တော်၊ မှော်ဘီ ၃ နေရာကို ဦးဆောင်နေတဲ့ ဒုဗိုလ်မှူးကြီးရဲဇော်နိုင် အုပ်ချုပ်မှုလက်အောက်နဲ့ ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်ကတော့ အုပ်မှူးအနေနဲ့ တံတားဦး လေတပ်စခန်းမှာ  တာဝန်ယူနေတယ်လို့ မင်းတပ် CDF က ပြောပါတယ်။

ဒါကြောင့်မို့ မင်းတပ်မြို့နယ်ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ ဒုဗိုလ်မှူးကြီးရဲဇော်နိုင်နဲ့ Pilot (လေယာဉ်မောင်းသူ) ၂ ယောက်၊ ဒါမှမဟုတ် သူတို့ ၂ ယောက်နဲ့ အလိုတူအလိုပါ ပူးပေါင်းသူတွေကို အပြစ်ပေး စီရင်ကာ သက်သေပြနိုင်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ခုလို ချီးမြှင့်သွားမယ်လို့ အသိပေး ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ် ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်လာခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွေထဲမှာ ပြည်သူအိုးအိမ်ပျက်စီးမှုများစွာနဲ့ အပြစ်မဲ့ ပြည်သူသေဆုံးမှုတွေ ရှိလာနေတာကြောင့် မင်းတပ် CDF က ခုလို စုံစမ်းဖော်ထုတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်တုန်းကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်၊ သက်ကြီးရွယ်အို တယောက်နဲ့ မိန်းကလေးငယ်တယောက် သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ညနေ ၄ နာရီလောက်မှာ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၊ ပန်းပါရွာကို ၆ ကြိမ် လာရောက်တိုက်ခိုက်ပြီး ဗုံး ၁၇ လုံးကြဲချတာလို့ CDF Mindat ရဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနက ထုတ်ပြန်ခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကနေ တိုက်ခိုက်တာကို ပိုအားထားသုံးလာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မတ်လအတွင်း နိုင်ငံတဝန်း လေကြောင်းကတိုက်ခိုက်တာ၊ ပစ်ကူတာ ၄၇ ကြိမ် လုပ်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကိုလည်း ဇန်နဝါရီ ၇ ရက်ကနေ ၂၃ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024