မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းမှုကို အဖွဲ့ဝင် ၇ နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ယိုယွင်းလာတဲ့ မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာကျင်းပတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး အပြီး ဧပြီ ၁၈ ရက် မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး ခုလို အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့လည်း မြန်မာစစ်အုပ်စုကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံထဲက ဒုက္ခရောက်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးမှာ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ရေး အတွက် အာမခံပေးဖို့နဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာနိုင်စေမယ့် အခြေအနေတွေ ဖန်တီးနိုင်ဖို့လည်း တောင်းဆိုလိုက်တာပါ။
G7 စက်မှုထိပ်သီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ထောက်ခံသွားမှာဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် UNSCR ၂၆၆၉ ကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်အောင် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။