Home
မြန်မာသတင်း
သင်္ကြန်အလွန်ကာလ ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးထပ်တက်
DVB
·
April 18, 2023

မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင်ကတည်းက တောက်လျှောက်မြင့်တက်နေတဲ့ ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ အခုသင်္ကြန်အပြီးကာလမှာလည်း ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးထပ်မံ မြင့်တက်လာပါတယ်။

ဆန်စျေးနှုန်းတွေဟာ အမျိုးအစားပေါ်လိုက်ပြီး သင်္ကြန်မတိုင်ခင်ဈေးထက် ဆန်တအိတ်ကို ကျပ် ၁,၀၀၀ ကနေ ၄,၀၀၀ ဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဆန်အရောင်းအဝယ် ဈေးကွက်ကနေ သိရပါတယ်။

ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “ဆန်စျေးထပ်တက်ပါတယ်။ သင်္ကြန်မတိုင်ခင်ဈေးထက် ဆန်တအိတ်ကို ၁,၀၀၀ ဝန်းကျင် ဈေးတက်တယ်” လို့ ပြောပါတယ်။

သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း ဆန်စက်လုပ်ငန်းအများစုက စပါးကြိတ်ခွဲထုတ်လုပ်မှုတွေ ရပ်နားထားကြပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအများစုလည်း ရပ်နားထားတာကြောင့် ရန်ကုန်ဈေးကွက်ထဲကို ဆန်အဝင်နည်းပြီး ဈေးထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့ ရန်ကုန် ဆန်ကုန်သည်တချို့က သုံးသပ်ကြပါတယ်။

“ရန်ကုန်ကို ဆန်အဝင်နည်းနေသေးလို့ ဈေးနည်းနည်းတက်လာတာ။ အရောင်းအဝယ်ကတော့ အေးတယ်” လို့ ရန်ကုန်အခြေစိုက် ဆန်ကုန်သည်တဦးက ပြောပါတယ်။

သင်္ကြန်တွင်း ဘဏ်ပိတ်ရက်တွေကြောင့် ဆန်စပါးအရောင်းအဝယ်တွေ အေးနေခဲ့ပေမဲ့လည်း သင်္ကြန်အပြီးကာလမှာ ဆန်ရော စပါးဈေးပါ ထပ်မံမြင့်တက်လာတာပါ။

ရန်ကုန်၊ ဝါးတန်းဆန်ကုန်စည်ဒိုင်စျေးကွက်မှာ ဧပြီ ၁၈ ရက် စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၉၇,၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၈၀,၀၀၀ ကျပ်ကနေ ၈၂,၀၀၀ ကျပ်၊ ဘိုကလေးလိုင်းပေါ်ဆန်းက ၇၃,၀၀၀ ကနေ ၇၄,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်ကို ၅၇,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ကြားပျံဆန်တအိတ်ကို ၇၆,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်၊ ခွံနီဆန်က ၆၆,၀၀၀ ကနေ ၆၈,၀၀၀ ကျပ်အထိရှိပြီး အမျိုးအစားအလိုက် ဆန်တအိတ်ကို ကျပ် ၁,၀၀၀ ကနေ ကျပ် ၄,၀၀၀ အထိ ထပ်မံမြင့်တက်လာပါတယ်။

သင်္ကြန်မတိုင်ခင် ဧပြီ ၇ ရက်နေ့က ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၈၅,၀၀၀ ကနေ ၉၃,၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၇၇,၀၀၀ ကျပ်ကနေ ၇၉,၀၀၀ ကျပ်၊ ဘိုကလေးလိုင်း ပေါ်ဆန်းက ၇၀,၀၀၀ ကနေ ၇၂,၅၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်ကို ၅၅,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ကြားပျံဆန်တအိတ်ကို ၇၂,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်၊ ခွံနီဆန်က ၆၂,၀၀၀ ကနေ ၆၆,၀၀၀ ကျပ်အကြား အသီးသီးရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024