မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို ဧပြီ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မန်ကျည်းကန်ကျေးရွာကို စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကာ Mi17 ရဟတ်ယာဥ်တစီးနဲ့ စစ်ကောင်စီတပ်သားတွေချပြီး ဝင်ရောက်စီးနင်းခဲ့ကြတာလို့ မြိုင်မြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီရွာထဲမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဆေးခန်းတခုကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပြီး ဆေးခန်းမှာရှိတဲ့ လူနာတွေရော၊ အိမ်ခြေ ၂၀၀ ကျော်လောက်က ဒေသခံပြည်သူတွေပါ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“ရွာလုံးကျွတ် အသက်လုပြီး ထွက်ပြေးနေရတာဆိုတော့ ထိခိုက်၊ သေဆုံး၊ ပျက်စီးတဲ့ အခြေအနေတွေကိုတော့ အတိအကျ မသိရသေးဘဲ အဲဒီစစ်(...)တွေက ရွာနားပတ်ဝန်းကျင်နဲ့ ရွာထဲတွေမှာ ရှိနေသေးတယ်။”
မြိုင်မြို့နယ် ညောင်ရွာနားက ကာကွယ်ရေးစခန်းခွဲတခုကိုလည်း ဧပြီ ၆ ရက်မှာ စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကာ Mi17 ၂ စီးနဲ့ ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးစခန်းနဲ့ ကား ၂ စီးကို မီးရှို့ဖျက်ဆီးကာ ငွေကျပ် သိန်း ၁၀၀ ကို ယူဆောင်သွားတယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အထိနာနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ ဆက်တိုက်ပြုလုပ်နေတယ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။