Home
မြန်မာသတင်း
ပခုက္ကူခရိုင်၊ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
April 18, 2023

စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စက်ရုံမှာ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဧပြီ ၁၆ ရက် ညနေ ၃ နာရီကနေ ၄ နာရီကျော်အထိ (PDF) မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ဒေသခံတပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ အဆောက်အဦအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ၁ ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာက PDF တပ်ဖွဲ့တွေက ကျောက်ထုလေတပ်၊ အမြောက်တပ်၊ ကပစနှင့် ဝါဇီငွေစက္ကူစက်ရုံတို့ကို တိုက်ခိုက်ခဲ့တာတွေ ရှိသလို စစ်တပ် ရုံးစိုက်ရာ နေပြည်တော်လို နေရာမှာတောင် တော်လှန်ရေး အင်အားစုတွေက ခြိမ်းခြောက်နိုင်ခဲ့တာ၊ စစ်အခြေစိုက်စခန်းတွေနဲ့ အရေးကြီးနေရာတွေကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲ ဖြစ်စဥ်တွေလည်း နေ့စဥ်နဲ့အမျှ ရှိနေခဲ့တာပါ။

ဒါကြောင့်မို့ မြန်မာ့ နှစ်သစ်ကူးမှာ စိတ်ဓာတ်ပျက်ပြားပြီး သွေးလန့်ချောက်ချားနေရမယ့် သူဟာ ပြည်သူ့ရန်သူ စစ်အုပ်စုပဲ ဖြစ်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေတာဖြစ်လို့ လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စိတ်အားမလျော့ကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024