ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းမှာရှိတဲ့ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာက ဒေသခံပြည်သူ အယောက် ၃၀ ထက်မနည်းကို ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် အင်အား ၅၀ လောက်က ဆိုင်းဖရာကျေးရွာက နေအိမ်တွေကို တအိမ်ဝင်တအိမ်ထွက် စစ်ဆေးပြီး တယ်လီဖုန်းတွေကို သိမ်းယူကာ အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက် ၅ နာရီခွဲလောက် စစ်တပ်က အင်အား ၅၀ လောက်နဲ့ ရောက်လာပြီး အိမ်တွေကို တံခါးဖွင့်ခိုင်း ရိုက်ဖျက်ပြီး လိုက်စစ်တယ်။ ကျနော်သိရသလောက် အမျိုးသမီးတွေ အပါအဝင် အယောက် ၃၀ ကျော် အဖမ်းခံသွားရတယ်။ တယ်လီဖုန်းတွေလည်း သိမ်းသွားတော့ ဘယ်ကို ဆက်ရမှန်းလည်း မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တအိမ်တက်ဆင်း ဖမ်းဆီးပြီး ကလေးမိခင်တွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေကို ပြန်လည်လွှတ်ပေးခဲ့ကာ အသက်ငယ်ရွယ်သူ အမျိုးသမီး၊ အမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံတွေကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာနဲ့ လက်ရှိဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
ဧပြီ ၃ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ကျောက်စိမ်းလုပ်ကွက် တခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ဘတ်ဟိုးမောင်းနှင်သူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ပါတယ်။