Home
မြန်မာသတင်း
မြိတ်အကျဉ်းထောင်မှ ၁၀ ဦး လွတ်မြောက်၊ နိုင်ငံရေးအကျဉ်းသားများမပါဝင်
DVB
·
April 17, 2023

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ ဧပြီ ၁၇ ရက် မနက်ပိုင်းက အကျဉ်းသား၊ အကျဉ်းသူ ၁၀ ယောက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး အဆိုပါ လွတ်မြောက်လာသူတွေအထဲမှာ နိုင်ငံရေးအကျဉ်းသားမပါဝင်ဘူးလို့  ထောင်နဲ့နီးစပ်တဲ့ အသိုက်အဝိုင်းကနေ သိရပါတယ်။

မြိတ်အကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေထဲမှာ တခြားပြစ်မှုကြောင့် ထောင်ကျပြီး လွတ်မြောက်လာသူ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၀ ဦးပါဝင်တယ်လို့ ထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထောင်ဝန်ထမ်းတစ်ဦးက “လွတ်တဲ့သူတွေထဲမှာ ဆေးမှုတွေ၊ မူးယစ်ရမ်းကားတွေလောက်ပဲပါတယ်။ ပုဒ်မ ၁၆ (ဂ)ထဲမှာ တောင်မှ နှစ်ကြာနေတဲ့သူတွေပဲလွတ်ပေးတာ။ ပြစ်ဒဏ် လေးချိုးတချိုး ခံစားခွင့်ပေးတာပါ။”လို့ ပြောပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်မှာ စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်သား၊ အကျဉ်းသူ ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၉၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက “ဒီလိုဖြစ်စဉ်မျိုးဟာ ကျနော်တို့လည်း ခဏခဏ ခံနေရတယ်။ ဘာမှလည်းမမျှော်လင့်တော့ဘူး။ လွှတ်ပေးတဲ့သူတွေထဲမှာ တကယ် လွတ်သင့် လွတ်ထိုက်တဲ့သူတွေကို မလွှတ်ပေးဘူး။ တခြားအမှုတွေကိုပဲ လွှတ်ပေးနေတယ်။ နိုင်ငံရေးနဲ့ အကျဉ်းကျခံနေရတဲ့သူတွေကိုတော့ တယောက်မှ မလွတ်ပေးဘူး။ ထောင်ထဲမှာ ၅၀၅(က)နဲ့ အကျဉ်းကျခံနေရတဲ့သူတွေလည်း ရှိသေးတယ်။”လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့တုန်းကလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ပြန်လွတ်ပေးတဲ့အထဲမှာ တနင်္သာရီတိုင်းက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၅၃ ဦး ပါဝင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024