Home
မြန်မာသတင်း
ပြည်မြို့တွင် သင်္ကြန်ဗဟိုမဏ္ဍပ်အနီး ဗုံးတွေ့သဖြင့် လုံခြုံရေးတိုးမြှင့်
DVB
·
April 13, 2023

ပဲခူးတိုင်း၊ ပြည်မြို့က စစ်ကောင်စီသင်္ကြန်ဗဟိုမဏ္ဍပ်အနီးမှာ  ဧပြီ ၁၂ ရက်က မပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့တာကြောင့် ပြည်မြို့ကအဓိကကျတဲ့လမ်းတွေနဲ့ နေရာပေါင်းစုံကို  စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချပြီး၊ ဖြတ်သွားသမျှသူတွေကို စစ်ဆေးနေတယ်လို့ ဒေသခံထံက သိရပါတယ်။

မြို့ဒေသခံ တယောက်ထံက "ဖြစ်တာက မနေ့က ဗုံးတွေ့တယ်ဆိုပြီး နေ့ခင်ကြောင်တောင်ကနေ ညနက်တဲ့အထိစစ်တယ်။ ခါ တိုင်းဆိုညနေ ၆ ခွဲလောက်ကနေ ၈ နာရီထိလောက်ပဲစစ်တာ၊ အရင်ကဆိုရင် စီးပွားရေးဘဏ်နဲ့ အင်း၀ဘဏ် နားလောက်ပဲစစ်တာ၊ အခုက အဲ့ဒိနေရာတွေအပြင်၊ အရှေ့ပန်းခြံရှေ့၊ ပြည်တက္ကသိုလ်ရှေ့၊ ကညနရုံးရှေ့၊ အဝေးပြေးဂိတ်ရှေ့ ရဲစခန်းတွေရှေ့ တွေမှာလည်း စစ်ဆေးနေတယ်။ နောက် ဗိုလ်ချုပ်လမ်းကိုလည်း ဘူတာရှေ့ကနေ ပိတ်ထားတယ်” လို့ ပြောပါတယ်။

တမြို့လုံး စစ်နေတာနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ လက်နက်ကိုင်တွေ စောင့်နေတာကြောင့်  မြို့ခံတွေ အပြင်မထွက်ကြကြောင်းနဲ့ ရပ်ကွက်ထဲက  ကလေးတွေတောင်  ရေမပတ်ကြဘူးလို့ ပြည်မြို့ခံတယောက်ကပြောပါတယ်၊။

ပြည် ယူဂျီအဖွဲ့ တာဝန်ရှိသူက ''ဗုံးက အဝေးထိန်းဗုံး ဖြစ်တယ်၊ သူတို့က ဗဟိုမဏ္ဍပ်မှာ  Jammerတွေ တပ်ထားတော့ မပေါက်တာ၊ သေသေချာချာစီစဉ်ပြီး ၊ ချခဲ့တာ။ ထပ်လုပ်ဖို့လည်း အစီအစဉ်ရှိသေးတယ်။ အဓိက ကတော့ ပြည်သူတွေအနေနဲ့ ပျော်ချင်ရင် အိမ်မှာပဲပျော်ကြဖို့ သူတို့နဲ့သွားမပတ်သတ်ဖို့အတွက် ထပ်မံ သတိပေးပါရစေ” လို့ပြောပါတယ်၊

စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ Non-CDM ဝန်ထမ်းတွေကို မဖြစ်မနေသွားဖို့ ဖိအားပေးခိုင်းစေထားတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း တယောက်ထံက သိရပါတယ်။

ဧပြီ ၉ ရက်မှာ  ပေါင်းတည်မြို့က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ဗုံးခွဲခံခဲ့ရပြီး သင်္ကြန်ပွဲတော်မစတင်မီကတည်းက နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ် ၁၀ ခုထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024