Home
မြန်မာသတင်း
အာဆီယံနှင့်ကုလတို့ ရှုတ်ချနေသည့်ကြားမှ စစ်ကောင်စီက အကြမ်းဖက်မှု ပိုမိုဆိုးရွားစွာ ကျူးလွန်နေဟု NUG ပြော
DVB
·
April 11, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဆိုးရွားစွာ လေကြောင်းကနေ တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဧပြီ ၁၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ် ပြန်ချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စဉ်ဆက်မပြတ် ရှုတ်ချမှုတွေကို မျက်ကွယ်ပြုပြီးတော့ မြန်မာပြည် သူတွေအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားစွာ ကျူးလွန်နေတယ်ဆိုတာကို လေကြောင်းကနေ ခုလို ပူးတွဲတိုက်ခိုက်မှုတွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တပတ် ဧပြီ ၄ ရက်ကတည်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အရပ်ဘက် စစ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိ၊ မတန်တဆအင်အားသုံး တိုက်ခိုက်မှုတွေအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ဘုံသဘောတူညီချက်နဲ့ ချမှတ်ခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအားလုံးကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အကြမ်းဖက်စစ်အုပ်စုကတော့ အဲဒီလို ဆုံးဖြတ်ချက်ကိုတောင် ပိုမိုဆိုးရွားပြင်းထန်တဲ့ သတ်ဖြတ်မှု၊ သွေးချောင်းစီးမှုနဲ့ တုံ့ပြန်ခဲ့ပြီးဖြစ်တယ်လို့လည်း NUG အစိုးရက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာမှာကျင်းပတဲ့ ပလဖရုံးဖွင့်ပွဲကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် အခုညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဒုတိယအကြိမ် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်‌ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဒီနေ့ ညနေ ၅ နာရီ ၃၅ မှ ၄၀ မိနစ်ထိ ၃ ကြိမ်ဝဲပြီး  ဗုံး ၄ လုံးချကာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အခုတကြိမ် တိုက်ခိုက်မှုမှာ ရွာသားတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

 NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ဖယ်ရှားနိုင်မှသာ တိုင်း ပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည်နိုင်မယ်ဆိုတာကို ဒီကနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်တယ်လို့ မှတ်ယူကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ ထိခိုက်ဆုံးရှုံးရတဲ့ လူထုဘဝတွေ အချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းမှာပဲ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမိုပြီးတော့ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမယ်လို့လည်း အခိုင်အမာ ကတိ ပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024