မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်း-၆၅ လမ်း ၆၆ လမ်းမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း တရားလွှတ်တော် ဒု ညွှန်ကြားရေးမှူး အမျိုးသမီးအသတ်ခံရပြီး ၃ ထပ်တိုက် နေအိမ်မီးလောင်ကာ အိမ်အကူအမျိုးသမီး ၁ ဦးလည်း သေဆုံးနေတာ တွေ့ရတယ်လို့ မြို့ခံတွေထံကသိရပါတယ် ။
အနီးဝန်းကျင် နေထိုင်သူတဦးက"အိမ်ပိုင်ရှင်က အသက် ၅၀ နှစ်အရွယ်လောက်ရှိတဲ့ ဒေါ်လေးကြည်ဆိုတဲ့ အမျိုးသမီးပါ ဓားဒဏ်ရာနဲ့သေဆုံးနေပြီး အသက် ၃၀ ကျော်အရွယ်အိမ်အကူ မအေးသန္တာ ဆိုတဲ့အမျိုးသမီးလည်း သေဆုံးနေတယ်။ အဲ့ဒီအိမ်အကူ အမျိုးသမီးကတော့ ဘာဒဏ်ရာမှ မတွေ့ရဘူး " လို့ ပြောပါတယ်။
ဒေါ်လေးကြည်ကို ဘယ်သူ၊ ဘယ်အဖွဲ့က ဘာကြောင့် သတ်သွားတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
မီးလောင်တဲ့နေရာကို မဟာအောင်မြေ မီးသတ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ မီးသတ်အဖွဲ့တွေလာရောက်ငြှိမ်းသတ်ရာ မနက် ၃ နာရီခွဲအချိန်မှာ မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် နေအိမ်အတွင်းကပစ္စည်းတချို့ မီးလောင်ပျက်စီးသွားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ နေ့စဉ်လိုဖြစ်ပွားနေပြီး မြို့လည် လူစည်ကားရာ နေရာတွေနဲ့ လမ်းမကြီးတွေပေါ်မှာလည်း နေ့ခင်းအချိန်မှာတောင် ဓားခုတ်လုယက်တာတွေ ဖြစ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။