Home
ဆောင်းပါး
ရှင်းလင်းပြတ်သားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်
DVB
·
April 11, 2023

အရင်က အာဏာသိမ်းခဲ့တဲ့အစဉ်အလာတွေကိုကြည့်ကာ အာဏာသိမ်းပြီး တစ်လလောက် ကြာရင် အရာရာဟာ နေသားတကျနဲ့ သမ္မတအိမ်တော်ထက်မှာ ခေါင်းပေါင်းစတလူလူလွှင့်နိုင်လိမ့်မယ်လို့ မင်းအောင်လှိုင် လျှော့တွက်ခဲ့ပုံပါပဲ။

အလွန်ဆုံးအဆင့် ဆန္ဒပြတာ နည်းနည်းကြာလာပါက ကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်ဖမ်းဆီးလိုက်ရင် ပွဲပြီးသွားမယ်ပေါ့။ ဉာဏ်ရည်တိမ်ပြီး ခေါင်းပေါင်းစထောင်ဖို့သာ စိတ်ကူးယဉ်နေတဲ့ မင်းအောင်လှိုင်က CRPH ၊NUCC နဲ့ NUG အစိုးရဆိုတာ ဘယ်မျှော်လင့်ထားလိမ့်မလဲ။ ပြီးတော့ Generation Z တွေ နယ်စပ်မှာ စစ်သင်တန်းတက်၊ ပြီးတော့ မြို့ပြပြန်လာ။ မြို့ကြီးတွေမှာ ဝုန်းဒိုင်းကြဲ ဖောက်ခွဲပစ်လိုက်တဲ့အခါမှ အိပ်မက်မက်နေတဲ့ မင်းအောင်လှိုင် လန့်နိုးလာခဲ့ပုံရတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီးပြီးချင်းမှာပင် အနောက်အုပ်စုရဲ့ လက်ကမ်းကြိုဆိုမှု ရရှိခဲ့တယ်။ မင်းအောင်လှိုင်အတွက် အကြီးအကျယ် အထိနာ၊ မိုက်လုံးကြီးကြီး ထွက်လာတဲ့ ဒေါသကို ထိန်းချုပ်နိုင်တဲ့ ဆင်ခြင်တုံတရားနဲ့ မွေးရာပါ နိုင်ငံရေးဉာဏ်ရည်ချို့တဲ့မှုအရ မလုပ်ရဲတာ ဘာမှ မရှိကြောင်း နိုင်လို့ရတာ အကုန်မဲပြတော့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုတာက နှစ်လရှည်ကြာ စစ်ဗိုလ်ချုပ်တွေ ထိန်းမနိုင် သိမ်းမရ အငြိုးကြီးခဲ့ပြီးသား။ မင်းအောင်လှိုင်အတွက်က ပိုလို့ဆိုး။ NLD ပါတီဆိုတာ ၂၀၂၀ ရွေးကောက်ပွဲမှာ အားမနာတမ်း အနိုင်ယူပြကာ သူ့ရဲ့သမ္မတအိပ်မက်ကို ရိုက်ချိုးဖျက်ဆီးခဲ့လေတော့ ပိုအငြိုးကြီးရ။ အခုလည်း NUG အစိုးရဖွဲ့စည်းရေး အရေးပါတဲ့ မတည်သူအစုအဝေးထဲ NLD ပါတီက ရှေ့ဆုံးကဆိုတော့ မင်းအောင်လှိုင်အတွက် မလုပ်ရဲတာ ဘာမှမရှိကြောင်း ကြမ်းကြမ်းရမ်းရမ်း သက်သေပြတော့တယ်။

တကမ္ဘာလုံးက မယုံကြည်မှန်းသိပေမဲ့ မျက်နှာပြောင်ပြောင်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အဂတိပုဒ်မမျိုးစုံနဲ့ တရားစွဲခဲ့တယ်။ NLD ပါတီရဲ့ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ လက်ရှိထောင်ထဲမှာ NLD ပါတီဝင် ၁၂၃၅ ဦး။ ပါတီဝင် ၂၆ ဦး စစ်ကြောရေးနဲ့ ထောင်တွင်း ကျဆုံး။ အကြောင်းမဲ့ သတ်ဖြတ်ခံရတဲ့ ပါတီဝင် ၆၃ ဦး၊ NLD ဗဟိုကော်မတီဝင် ကိုဖြိုးဇေယျာသော် အင်းစိန်ထောင်တွင်း ခိုးကြောင်းခိုးဝှက် ကြိုးပေးအသတ်ခံရ။ ပါတီဝင်တွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ဝရမ်းကပ်၊ မိသားစုဘဝတွေကိုပါ ရပ်တည်လို့ မရအောင် အစွမ်းကုန်ချေမွလို့။ အငြိုးက ကြောက်မက်ဖွယ်ကြီးလေတော့ သက်ရှိတွေတင်မက သက်မဲ့ဖြစ်တဲ့ NLD ပါတီရုံးတွေကိုပါ အကြမ်းဖက် ဖျက်ဆီးတော့တယ်။ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က NLD ပါတီရုံးချုပ် အပါအဝင် တနိုင်ငံလုံးက ပါတီရုံးတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာ အကြိမ် ၁၂၀။

ဒါပေမဲ့ စစ်အုပ်စုက သူတို့ဘာလုပ်လုပ် NLD ပါတီဆိုင်းဘုတ်အောက်ကနေ ဒူးထောက် အညံ့ခံမယ့်လူတွေ လိုအပ်မှန်းလည်း ကောင်းကောင်းသိခဲ့တယ်။ နိုင်ငံတကာမှာ သူတို့ကိုယ်သူတို့ ထုတ်ရှိုးတဲ့အခါ NLD ပါတီမှာ အကြမ်းဖက်အဖွဲ့လို့ သူတို့သတ်မှတ်ထားတဲ့သူတွေချည်း ရှိနေတာ မဟုတ်ဘဲ အင်မတန်လိမ္မာယဉ်ကျေးပြီး စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို လက်ခံတဲ့ NLD ပါတီဝင်တွေလည်း ရှိနေကြောင်း ထုတ်ပြနိုင်ဖို့က နိုင်ငံရေးအရ သိပ်အရေးပါတယ်။

အဲဒီမှာ NLD ဗဟိုကော်မတီဝင် စန္ဒာမင်းတို့၊ တိုးလွင်တို့ရဲ့ (အခု NLDပါတီဝင်အဖြစ်က ထုတ်ခံလိုက်ရသူ) ဒူးထောက်ဂိုဏ်းကို စစ်အုပ်စုက တွေ့တယ်။ တွေ့တယ်ဆိုတာကလည်း အဲဒီ ဒူးထောက်ဂိုဏ်းက စစ်အုပ်စု မမြင် မြင်အောင် ဖြတ်လျှောက်ပြနေတာကြောင့်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ စစ်အုပ်စု ရာသက်ပန်အာဏာသိမ်းနိုင်ရေးလိုင်းပေါ် အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံနဲ့ လက်သီးလက်မောင်းတန်းနေတာဆိုလို့ NLD ဗဟိုကော်မတီအဆင့် ၄-၅ ယောက်ထက် မပိုတဲ့အပြင် ပြည်သူတွေကြား ထင်ရှားသူတစ်ဦးမှ မပါပါဘူး။

အခု ဧပြီပထမပတ်အတွင်း လွှင့်တဲ့ စန္ဒာမင်းနဲ့ ဘီဘီစီ၊ VOM တို့ရဲ့ တွေ့ဆုံမေးမြန်းခန်းတွေအရ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဆရာမုံရွာအောင်ရှင် ထောင်ကနေ ပြန်လွတ်လာတော့ ဆရာမုံရွာအောင်ရှင်နဲ့ စန္ဒာမင်းကို စစ်အုပ်စုက ခေါ်တွေ့ပြီး NLD ပါတီရုံးတွေ ပြန်ဖွင့်ပါ။ ပါတီရှင်သန်အောင် ပြန်ုလုပ်ပါ။ သူတို့က အကြမ်းဖက်လို့ သတ်မှတ်ထားသူတွေနဲ့ မပတ်သက်နဲ့။ စစ်တပ်အနေနဲ့ ပါတီကို ဖျက်ဆီးတာတွေ မလုပ်ပါဘူးလို့ ဆိုသတဲ့။

ဆရာမုံရွာအောင်ရှင် လွတ်လာတာက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈။ ဆရာ ကွယ်လွန်သွားတာက ၂၀၂၁ နိုဝင်ဘာ ၂၈။ စစ်အုပ်စုက ဘယ်ရက်မှာ ခေါ်တွေ့သလဲဆိုတာ မသိရပေမဲ့ ဆရာ မကွယ်လွန်မီ ၂၀၂၁ နိုဝင်ဘာ ၁၂ ရက်ညမှာတော့ ဟိုး…မွန်ပြည်နယ်ထောင့်ကွေးက ချောင်းဆုံမြို့နယ် NLD ရုံးကိုတောင် တစစီဖြစ်အောင် စစ်အုပ်စုက ဖောက်ခွဲပစ်ခဲ့တယ်။

စစ်အုပ်စုက ဆရာမုံရွာအောင်ရှင်ကို ရုံးခန်းဖွင့်ဖို့ကိစ္စ ဘာ့ကြောင့် ခေါ်ပြောသလဲဆိုတော့ စန္ဒာမင်း တို့ ဒူးထောက်ဂိုဏ်းလောက်နဲ့ မလုံလောက်လို့ပါပဲ။ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဆင့်တစ်ဦးဦး (သို့မဟုတ်) ထင်ရှားသူတစ်ဦးဦးက သူတို့စစ်အုပ်စုအလိုကျ အသုံးတော်ခံမှသာလျှင် အလုပ်ဖြစ်မှာကြောင့်ပါပဲ။

စန္ဒာမင်းရဲ့ မီဒီယာနဲ့ ပြောဆိုချက်တွေအရ စန္ဒာမင်းဟာ   NLD ပါတီ ရုံးခန်းတွေ ဖွင့်ဖို့ကိစ္စကို သိပ်တက်ကြွပေမဲ့ သူ့လုပ်ပိုင်ခွင့်၊ သူ့မထင်မရှားပုံရိပ်နဲ့ မလုပ်ရဲ မလုပ်ဝံ့တာကြောင့် ခေါင်းခံနိုင်မယ့် NLD လူကြီးတွေကို ခေါင်းခံစေဖို့ ကြိုးစားခဲ့ပုံရပါတယ်။

တကယ်လို့ NLD ပါတီရုံးခန်းတွေကိုသာ စစ်အုပ်စုအလိုကျအတိုင်း ဖွင့်လိုက်မယ်ဆိုရင် စစ်အုပ်စု ဆင်ထားတဲ့ ဂွင်အတိုင်း CRPH၊ NUG နဲ့ စစ်အုပ်စုကို ဆန့်ကျင်တဲ့ NLD ပါတီဝင်တိုင်းဟာ NLD ပါတီဝင်တွေ မဟုတ်ကြောင်း နောက်ဆက်တွဲ ထိုးခွဲခြင်းတွေ ဆက်လာမှာ အသေအချာပါပဲ။ ပြောရရင် စစ်အုပ်စုရဲ့ NLD ပါတီရုံးဖွင့်စေလိုခြင်းရဲ့ အဓိကရည်ရွယ်ချက်က NLD ပါတီကို ဗြန်းဗြန်းကွဲစေလိုခြင်းပါပဲ။

NLD ပါတီရုံးတွေ ဖွင့်စေချင်တဲ့ အကြံအထမမြောက်ပြီးနောက်ပိုင်း စစ်အုပ်စုခန့် UEC က ပါတီတွေ အစစ်ဆေးခံဖို့ ဆိုပြီး အကြောင်းကြားလာပြန်ပါတယ်။ အဲဒီအကြောင်းကြားမှုဟာ စန္ဒာမင်းဆီ အရင်ရောက်လာခြင်းဖြစ်ပါတယ်။ စန္ဒာမင်းက NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ဆီ သတင်းပို့တော့ NLD လူကြီးတွေ ထောင်ထဲမှာသာမို့ လူမစုံ၊ အစစ်ဆေးခံဖို့ အဆင်သင့် မဖြစ်သေးကြောင်း အကြောင်းပြန်ခိုင်း။ စစ်အုပ်စုလက်အောက်ခံ ပါတီတရပ်အဖြစ် နိုင်ငံတကာကို မြင်တွေ့စေချင်တဲ့ စစ်အုပ်စုရဲ့ အကြံပျက်ရ။

၂၀၂၂ နှစ်ကုန်ပိုင်းရောက်တော့ စန္ဒာမင်းနဲ့ တိုးလွင်ဟာ စစ်အုပ်စုရဲ့ ခွင့်ပြုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ဘာတွေ ပြောမှာလဲ။ အဲဒီမေးခွန်း ၂ ခုကို စစ်အုပ်စု ကျေလည်အောင် ဖြေဆိုနိုင်ပြီး စစ်အုပ်စုက သူတို့ အကျိုးရှိမယ်ထင်လို့ တွေ့ခွင့်ပြုတာ နိုင်ငံရေး နည်းနည်းသိသူတိုင်းက လက်နှစ်ဖက် နောက်ပစ်ပြီး ၅ မိနစ်လောက် စဉ်းစားစရာမလိုဘဲ သိပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံရေးကိစ္စပြီးနေတဲ့သူ။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီလောက် ဖိအားတွေပေးနေတာတောင် ဘယ်သူကိုမှ တွေ့ခွင့်မပြုခဲ့ပါဘဲ စန္ဒာမင်းနဲ့ တိုးလွင်ကျမှ စစ်အုပ်စုက ဘာ့ကြောင့်တွေ့ခွင့်ပြုသလဲဆိုတဲ့ အဖြေဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ၃ ချက် တွက်နည်းထက် ပိုလွယ်နေမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ စန္ဒာမင်းတို့ ဘာတွေ ပြောသလဲ။ အပြင်မှာ သတင်းတွေ ထွက်နေပြီး စန္ဒာမင်းက ငြင်းနေသလို နောက်တစ်ခါ လာမတွေ့နဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က စန္ဒာမင်းနဲ့ တိုးလွင်ကို အမှန်တကယ်ပြောလိုက်တာ ဟုတ်၊ မဟုတ် လောလောဆယ် အတည်ပြုဖို့ မဖြစ်နိုင်သလို စန္ဒာမင်း ပြောတဲ့စကားကို ယုံဖို့ကလည်း မဖြစ်နိုင်တော့ ထားတော့။

ဆက်စပ်တွေးစရာ တစ်ခုက ၂၀၂၃ ခုနှစ် မတ် ၂၅ ရက်နေ့၊ စစ်အုပ်စု ခွင့်ပြုချက်နဲ့ ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တော့ စန္ဒာမင်းရော တိုးလွင်ပါ ဘာ့ကြောင့် လိုက်မသွားကြတာလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက အပြင်မှာတောင် တွေ့ခွင့်ရဖို့ မလွယ်တဲ့သူ။ အခုလို မတရားဖမ်းဆီးခံထားရတဲ့အချိန် တွေ့ခွင့်ရဖို့ဆိုတာက ရှာမှရှားတဲ့ အခွင့်အရေးမျိုး။ စန္ဒာမင်း မီဒီယာကို ပြောသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ တွေ့ခွင့်ရခဲ့တယ်ဆိုရင် ဘာ့ကြောင့် မတ် ၂၅ ရက်နေ့ တွေ့ဆုံရမယ့် အခွင့်အရေးကို လက်လွှတ်လိုက်သလဲလို့ မေးခွန်းထုတ်ရပါမယ်။

ပြီးတော့ စန္ဒာမင်းရဲ့အဆိုအရ ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ စစ်အုပ်စုထံ စာတင်၊ စစ်အုပ်စုက မတ်လ ၂၅ ရက်နေ့ သွားတွေ့ပါလို့ ပြောတဲ့အချိန်ကျမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အစီအစဉ်ရှိပါသလားလို့ သွားမေးကြောင်း သိရပါတယ်။

ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စစ်အုပ်စုထံ စာတင်တာကို သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်းလို့ နားလည်ရပါတယ်။ ဗဟိုကော်မတီဆိုတာ တစ်ခုခုကို ဆုံးဖြတ်နိုင်တဲ့အဆင့် မဟုတ်ဘူးလို့ တွင်တွင်ပြောနေတဲ့ စန္ဒာမင်းက ဘာ့ကြောင့် ဒီလောက်အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်အတွက် စစ်အုပ်စုထံ စာတင်တာကို ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ရတာလဲလို့ မေးခွန်းထုတ်ရပါမယ်။

ဗဟိုကော်မတီလို့ စန္ဒာမင်း ပြောတဲ့သူ ၂ ဦး ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုတီဗီနဲ့ သတင်းစာကြည့်ခွင့်၊ ဖတ်ခွင့်ရနေတာကြောင့် ပါတီမှတ်ပုံတင်ကိစ္စနဲ့ပတ်သက်ပြီး လာတာသိနေမယ့်ပုံ။ လာတွေ့တဲ့သူ ၂ ဦးကို အတွေ့မခံ၊ ဒေါ်အောင်ဆန်းစုကြည်က ထောင်အာဏာပိုင်ကို ပြောလိုက်တယ်။ သူတို့ကို လက်ဖက်ရည်တိုက်ပြီး ပြန်ခိုင်းလိုက်ပါတဲ့။ ဘာ့ကြောင့် အတွေ့မခံလိုက်တာလဲ။ အဖြေက ရှင်းရှင်းလေး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူရှိရင် ပါတီရှိမယ်လို့ သိပ်မကြာသေးတဲ့ အချိန်ကမှ လမ်းညွှန်ချက်ပေးပြီးသား။ အင်မတန်ရိုးရှင်းလှတဲ့ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို အရှင်းဆုံးဖြစ်အောင် ထပ်ရှင်းပြရရင် စစ်အုပ်စုက ပါတီဖျက်သိမ်းမှာကို တွေးပူမနေနဲ့၊ လုပ်စရာရှိတာ ရဲရဲသာလုပ်၊ စစ်အုပ်စုက ပါတီကို ဖျက်သိမ်းလို့မရ၊ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမယ်လို့ ပြောကြားလိုက်ခြင်းပါပဲ။

NLD ပါတီဆိုတာ စစ်အုပ်စု ဖျက်တိုင်း ပျက်သွားမယ့်ပါတီ မဟုတ်တာ ဘယ်သူငြင်းရဲပါသလဲ။ စစ်အုပ်စုက NLD ပါတီထဲ သပ်လျှိုသွေးခွဲဖို့ ကြံခဲ့ပေမဲ့ မအောင်မြင်ခဲ့တာလည်း အထင်အရှားပါပဲ။ ဒူးထောက်ဂိုဏ်းရဲ့ စန္ဒာမင်းကတော့ NLD ပါတီ ပျက်သွားခဲ့လေခြင်းဆိုပြီး ယူကျုံးမရဖြစ်စွာနဲ့” ခြိမ်းခြောက်မှုတွေ အမျိုးမျိုးကြားထဲကနေပြီးတော့ ကျမတို့ပါတီ ပျက်သွားတာသည် နစက (အကြမ်းဖက်စစ်အုပ်စု) က ဖွင့်ခိုင်း (NLD ပါတီရုံး ဖွင့်ခိုင်းတာကို ဆိုလို)ရဲ့ပါလျက်နဲ့ ကျမတို့ မဖွင့်နိုင်တာက ကျမတို့ကိစ္စပဲ ဖြစ်သွားတယ်”လို့  ဆိုရဲ့။

စန္ဒာမင်းခမျာ စစ်အုပ်စုအပေါ်  လုံးဝအပြစ်မတင် အကောင်းပင် မြင်လျက်။ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024