ဧရာဝတီ၊ ကြံခင်းမြို့နယ်၊ အောင်မြင်ကိုင်းရွာအနီး၊ မြို့ရှောင်လမ်းရှိ ပုသိမ်- ကြံခင်း- ဟင်္သာတ ရထားလမ်းပေါ်မှာ ဧပြီ ၈ ရက်၊ မနက်က လမ်းပိုင်းစစ်ဆေးရေး ရထားခေါင်းတွဲ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘက်ရဲဘူတာကနေ ထွက်ခွာတဲ့ စစ်ဆေးရေးရထားဟာ ကြံခင်း၊ အောင်မြင်ကိုင်းရွာအနီးရှိ မြန်အောင်- ကြံခင်းသွား မြို့ရှောင်လမ်းနဲ့ ကပ်လျက် ရထားလမ်းမှာ မနေ့မနက် ၁၀: ၁၀ နာရီလောက် စက်ခေါင်းအပူလွန်ကဲပြီး မီးလောင်ခဲ့တာပါ။
"ရထားက ဘက်ရဲဘူတာဘက်ကနေ မြန်အောင်ဘက် သွားတာ၊ စစ်ဆေးရေးရထားပါ။ တွဲခေါင်းခန်းက လောင်တာ၊ အောင်မြင်ကိုင်းမရောက်ခင် မြို့ရှောင်လမ်းဆုံနားမှာပါ။ ထိခိုက်သူတော့ မရှိပါဘူး၊ ကြံခင်းနဲ့ ဘက်ရဲက မီးသတ်ယာဉ်တွေ လာငြှိမ်းပါတယ်" လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
အဆိုပါမီးလောင်မှုကို ကြံခင်း၊ ဘက်ရဲမီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ပြီး စစ်ဆေးရေးရထားခေါင်းတွဲတစ်ခုလုံး မီးလောင်ပျက် စီးသွားကာ မနက် ၁၀:၄၀ နာရီလောက်မှာ မီးငြိမ်းသွားကာ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ဧပြီ ၇ ရက် နေ့လယ် ၁: ၄၀ နာရီကလည်း ကြံခင်းမြို့ နယ်၊ ထိန်ပင်မြောင်အောက်စုကျေးရွာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၄ လုံး ပျက်စီး ဆုံးရှုံးသွားပြီး မီးသတ်ယာဉ် ၃ စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။