စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မြစ်ကြီးနားလမ်းပိုင်းမှာ ဧပြီ ၇ ရက် မနက် ၁၀ နာရီလောက်က စစ်တပ် ထုတ်ကုန်ဖြစ်တဲ့ Dagon အမှတ်တံဆိပ် ဘီယာဘူး ၄၀၀၀ ကျော်ကို ခင်ဦးဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းမိခဲ့တယ်လို့ ခင်ဦဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ထုတ်ကုန်တွေ ဒေသခံတွေကို ဝယ်ယူတာ၊ သယ်ဆောင်ရောင်းချတာ၊ သုံးစွဲတာတွေ မပြုလုပ်ကြဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် အသိပေးထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တဦးက “စစ်တပ်ထုတ်ကုန်တွေကို မနေ့က ဖမ်းမိတာ။ မန္တလေးကနေ အထက်ပိုင်းကို ရောင်းချဖို့ရာ တင်ဆောင်လာတာကို မြို့နယ်က ပြည်သူကာကွယ်ရေးအဖွဲ့တွေ စစ်ဆေးတာမိပြီ အခုလို ဖျက်ဆီးခဲ့ရတာ။ ဖမ်းမိတာက Dagon ဘီယာဖာ ၂၀၄ ဖာ၊ ဘူးအရေအတွက်နဲ့ဆိုရင် ဘူးပေါင်း ၄၀၀၀ ကျော်ပါ။ ဖမ်းမိတဲ့ ဘီယာဘူးအကုန်လုံးကိုတော့ ကားလမ်းပေါ်တင်ပြီး ကားနဲ့ကြိတ်ပြီး အကုန်ဖျက်ဆီးလိုက်တယ်” လို့ ပြောပါတယ်။
ပစ္စည်းကို ဖမ်းဆီး ဖျက်ဆီးခဲ့ပေမဲ့ ကားသမား ၂ ယောက်နဲ့ ကားကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ ဧပြီ ၁ ရက်ကလည်း စစ်တပ်ထုတ်ကုန်တွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။