Home
မြန်မာသတင်း
ဖယ်ခုံနှင့် ပင်လောင်းဒေသတွင်း တိုက်ပွဲကြောင့် ဒေသခံများထပ်မံတိမ်းရှောင်၊ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ
DVB
·
April 7, 2023

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြိုနယ်တွေမှာ တိုက်ပွဲပြင်းထန်ဆက်ဖြစ်နေလို့ ဒေသခံတွေဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြပြီး  သွားရေးလာရေးနဲ့ စာနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ် နယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အခုသတင်းပတ်အထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဖယ်ခုံကနေ ပင်းလောင်မြို့နယ်ဘက်ကပ်နေတဲ့ ကျေးရွာတွေအပြင် ဖယ်ခုံမြို့နယ် အနောက်ခြမ်းဖြစ်တဲ့ ခေါင်အိတို့ဘက်မှာလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေအပြင် လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသကျေးရွာတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ရှောင်တွေကအခက်အခဲရှိတယ်။ တချို့ တောင်ယာလုပ်ဖို့အချိန်ရောက်ပြီပေါ့နော်။ တောင်ယာလုပ်မှပဲ စားရမှာပေါ့လေ။ ပြီးတော့ ဒီကြားထဲမှာ သွားလိုက်ပြန်လာလိုက်နဲ့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ တောင်ယာမလုပ်ရတော့ အခြေခံ စာနပ်ရိက္ခာလည်း နည်းပါးလာတာပေါ့။ အခက်အခဲက အများကြီးရှိတယ်။ ဒီဖယ်ခုံအနောက်ဘက်က ရေအခက်ခဲလည်းရှိနေတယ်။”

တိုက်ပွဲပြင်းထန်နေတဲ့ အတောအတွင်း ပင်လောင်းဘက်မှာ ပြည်သူ ၅၀၀၀ ဝန်းကျင်ကလည်း စစ်ရှောင်နေကြရသလို ပင်လောင်း၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်တွေက ကျေးရွာ ၁၅ ရွာက ရွာသားတွေဟာလည်း အခု ဖေဖော်ဝါလကုန်က စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင်တချို့က တောင်ယာလုပ်ကိုင်စားသောက်ရနိုးနဲ့ တိုက်ပွဲတွေ အနည်းငယ်ငြိမ်သွားရင် ပြန်သွားကြပြီး တိုက်ပွဲပြန်ဖြစ်ရင် ထပ်ပြေးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဧပြီ ၄ ရက်ကလည်း  စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု တောင်စလုံးရွာကို  လေကြောင်းနဲ့ ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးတစ်လုံး ကြဲခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“အခုကတော့ ထိတွေ့တိုက်ပွဲတော့မကြားရဘူး။ ဒါပေမဲ့ လက်နက်ကြီးကတော့ နေ့တိုင်းပဲ၊ ဘယ်ကနေ ဘယ်ကိုပစ်မှန်းမသိဘူး။ သူက ဖယ်ခုံအရှေ့အနောက်၊ မိုးဗြဲ၊ လွိုင်ကော်အထိ၊ ဒီးမော့ဆိုအထိတောင် ရောက်မလားမသိဘူး။ တချို့အသံတွေကိုရင် တကယ် အိမ်တောင်ခါတာပေါ့နော်။”

ဒီလိုလက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်လည်း ဒေသခံတွေထိခိုက်သေဆုံးတာတွေရှိသလို နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။

တိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှုတွေရှိသလို စစ်ကောင်စီတပ်ကနေ သာလွန် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေကို ဆက်တိုက်အသုံးပြုနေလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေရှိနေပါတယ်။

ပင်လောင်းမြို့နယ်နဲ့  ဖယ်ခုံနယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ   မတ်လ ၃၀ ရက်အထိ ၁ လကျော် တိုက်ပွဲအတွင်း စစ်ကောင်စီ ၂၀၀ ကျော်ကျဆုံးပြီး ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDF က မတ် ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ ဖယ်ခုံ PDF၊ မိုးဗြဲPDF၊ ဒီးမော့ဆိုPDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDFKK) ၊ KA၊ KNDF၊ SSRY နဲ့ တခြားမဟာမိတ်ပူးပေါင်းတပ် တို့ ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခု မတ်လကုန်အထိ ကရင်နီဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၆၅၀ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူအင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်းမှာ ကရင်နီ(ကယား)ပြည်နယ်တွင်း စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်ပြုလုပ်ခဲ့သလို မြေပြင် တိုက်ပွဲပေါင်း ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024