မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာရွာ၊ အောင်ချမ်းသာ ဓာတ်အားပေးခွဲရုံက တာဝန်ကျ ရဲဒုတပ်ကြပ်တဦး ကွမ်းယာထွက်ဝယ်စဉ် အမည်မသိ လက်နက်ကိုင်တစုက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဧပြီ ၆ ရက် ညနေ ၆ နာရီလောက်မှာ အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေ ပစ်ခတ်ခဲ့ပြီး နားထင်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရပ်ကျေးအဖွဲ့ဝင်ဟောင်းတဦးက “ခွဲရုံတာဝန်ကျ ရဲတပ်ကြပ်၊ သူ့ဂျူတီပြီးခါနီး ထမင်းစားပြန်တော့မှာ၊ အဲ့ဒါ ကွမ်းထွက်ဝယ်တာ။ သူ့မှာလည်း သေနတ်အရှည်ပါတယ်၊ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ လူငယ်နှစ်ယောက်က အနီးကပ် တချက်တည်းပစ်သွားတာ၊ နားထင်မှန်ပြီး အဲ့နေရာမှာပဲ ဆုံးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်ခံရသူ ရဲဒုတပ်ကြပ် ကိုအောင်နွယ်စိုးဟာ ဝဲနားထင် ကျည်ဖောက်ဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့ကာ MA-3 လက်နက်နဲ့ ကျည်ကတ်နှစ်ခု၊ ကျည် ၁၀ တောင့်လည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အခုလ ၃ ရက် မနက်ကလည်း ပြည်ကြီးတံခွန် (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။
Photo CJ